(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးက ချန်းပြန်း (က) ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ CDM တတိယတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ကျောင်းသား/သူအပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မတူပီဒေသခံနှင့် မတူပီမြို့နယ်ပညာရေးအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်က မတူပီမြို့နယ်၊ ချန်းပြန်း (က) ရွာတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသူ၊ ကျောင်းသား ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိရာ ကျောင်းသား ၁ ဦး သေဆုံးပြီး ပညာရေးမှ စေတနာ့ဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာများရရှိကြောင်း သိရသည်။
“လေကြောင်း တိုက်ခိုက်မှုအတွင်းမှာ ကျောင်းသား/သူ ၆ ဦးထဲက ၁ ဦးကတော့ ကွယ်လွန်သွားပါပြီ။ ဒဏ်ရာရတဲ့ ဒေသခံပြည်သူက ၆ ဦး ရှိနေပါတယ်။ စေတနာ့ဝန်ထမ်း ၁ ဦးလည်း ဒဏ်ရာ ရပါတယ်။ ဒဏ်ရာ ရတဲ့ ဒေသခံတွေထဲမှာ ၂ ဦးကတော့ စိုးရိမ်ရတယ်” ဟု မတူပီမြို့နယ်ပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် ၂ ဦး၏ အခြေအနေသည် စိုးရိမ်ရပြီး ချန်းပြန်း(က)ရွာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခြင်းဖြစ်သည်ဟု သိရသည်။
မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း ချန်းပြန်း (က) တွင် နေထိုင်သော တတိယတန်းကျောင်းသား မောင်စံဘွေးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၈ ရက်က ခရစ်တော်၌ အိပ်ပျော်သွားသည်ဟု ကြေညာထားသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် CDM ကျောင်းသားအဖြစ် ရပ်တည်ပြီး အလက၊ ချန်းပြန်း (က) ပြည်သူ့ကျောင်းမှာ ပညာသင်ကြားနေသော မောင်စံဘွေး သေဆုံးမှုအပေါ် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ကျန်ရစ်သူ မိသားစုနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ချန်းပြန်း (က) ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီသယ်ကား မီးလောင်မှုဖြစ်ပွားပြီး ရခိုင်ဘက်မှ ကုန်သည် ၂ ဦး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခေါ်နုမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်အတွင်းကိုလည်း ယမန်နေ့က စစ်ကော်မရှင်တပ်သည် လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ကာ ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့သည်။

