ရကားရွာမှာ ကျင်းပသည့် ရွာပေါင်းစုံဘောလုံးပြိုင်ပွဲမှာ မရာလူငယ်အများအပြား စစ်မှုထမ်းရန် ခေါ်ဆောင်ခံရဟုဆို
(006SV)
ချင်းပြည်နယ်၊ မရာဒေသတွင် စစ်ကော်မရှင်တပ်အပါအဝင် ရန်သူအမျိုးမျိုး၏ ရန်မှ ကာကွယ်နိုင်ရေး အင်အား ဖြည့်တင်းရန် အရေးပေါ်လိုအပ်နေသည့်အတွက် မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု MTC/ MDF က ယနေ့ဧပြီလ ၈ ရက်မှာ ကြေညာသည်။
မရာဒေသနယ်မြေလုံခြုံရေးနှင့် ဆက်စပ်သည့် စစ်မှုထမ်း ဥပဒေကို ဒုတိယအကြိမ်၊ မရာပြည်သူ့ညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးတွင် မရာဒေသအတွင်း နေထိုင်သော သတ်မှတ်ထားသည့် အသက်ပြည့် ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့ (MTC/ MDF) က ထုတ်ပြန်သည်။
“ဒီဟာက ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကျနော်တို့ ပြဌာန်းထားပြီးသားပါ” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။
ဗဟိုကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်၍ မရာလူထုတစ်ရပ်လုံးက MTC/ MDF ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပူးပေါင်းပါဝင်ကြရန်နှင့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရန် အသိပေးသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် အင်အားစုဆောင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို မြေပြင်၊ ဝေဟင်မှ အပြင်းအထန် ထိုးစစ်ဆင်နေပြီး နယ်မြေပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကာလ ဖြစ်သည်ဟု MTC/ MDF က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ကော်မရှင်တပ်၏ ထိုးစစ်ကို ခုခံတွန်းလှန်နိုင်ရန် ပြင်ဆင်နေသည့် ကာလ ဖြစ်သည့် အတွက် စစ်ကော်မရှင်တပ်ကို ခုခံတွန်းလှန်နိုင်ရန်နှင့် ရန်သူအမျိုးမျိုး၏ ရန်မှ ကာကွယ်နိုင်ရန် အင်အား ဖြည့်တင်းရန် အရေးပေါ် လိုအပ်နေသည်ဟု MTC/ MDF ထံမှ သိရသည်။
ဧပြီလ ၄ ရက်က၊ ပလက်ဝမြို့နယ်၊ မရာဒေသရှိ ရကားရွာတွင် ဘောလုံးပွဲကျင်းပနေစဉ် MTC/ MDF တပ်ဖွဲ့သည် လက်နက် လူအင်အားအပြည့်အစုံ နှင့် ရောက်ရှိလာပြီး ကလေးငယ်များအပါအဝင် မရာလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် ခေါ်ဆောင် သွားကြောင်း၊ လူငယ်များကို ပြန်လည် လွတ်ပေးခြင်း မရှိသေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယင်းသို့ မရာလူငယ်များ အစုအပြုံလိုက် ခေါ်ဆောင်ခြင်း ခံရသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ ဧပြီလ ၈ ရက် တွင် မရာလူမျိုးတိုင်း စစ်မှုထမ်းထမ်းရမည်ဟု ကြေညာချက် ထုတ်ပြန်လာသည်၊ ယင်းဖြစ်စဉ်ကို MTC/ MDF တာဝန်ရှိသူများထံ ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။
MTC/ MDF တာဝန်ရှိသူတစ်ဦးကတော့ ကျေးရွာ ပေါင်းစုံ လူငယ်ဘောလုံး ပြိုင်ပွဲအတွင်း မရာလူငယ်များကို စစ်မှုထမ်းရန်အတွက် မရာလူထုက ပေးအပ်သည့် တာဝန်အရ စစ်မှုထမ်းစာရင်းဝင်သူများကို ခေါ်ဆောင်သည်မှာ မှန်ကန်ကြောင်း မတူပီတိုင်မ်း သတင်းဌာနကို အတည်ပြုဖြေကြားထားသည်။
MTC/ MDF သည် အာဏာရှင်စနစ် မှန်သမျှ တွန်းလှန်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်နေသည့် ချင်းတော်လှန်ရေးအဖွဲ့ ဖြစ်သည်။
ချင်းပြည်နယ်၊ မရာဒေသတွင် MTC/ MDF နှင့် IMC/ CDF – မရာ ဟူ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ ရှိနေရာ ယင်း နှစ်ဖွဲ့စလုံးသည် စစ်မှုထမ်းရန် တပ်သားသစ် ဖိတ်ခေါ်စုဆောင်းနေသည်ဟု သိရသည်။

