(006SV)
မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းလူမျိုးဇနီးမောင်နှံ ၂ ဦးကို အခြားချင်းလူမျိုး ၂ ဦးက ဓါးထိုးမှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးသည်မှာ ဒဏ်ရာ အပြင်းအထန်ဖြင့် ဆေးကုသနေရကြောင်း သိရသည်။
အောက်တိုဘာလ ၁၃ ရက် ည ၁၁ နာရီခန့်တွင် ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းဇနီးမောင်နှံ၏ နေအိမ်တွင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ချင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဟိုင်ထ်လန်းချင်းလူမှုအဖွဲ့အစည်း (HCC) က အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဖြစ်စဉ်က အဲ၂ ယောက်ကို သူဌေးက အလုပ်ဖြုတ်လိုက်တယ်။ ကိုအရွှေဖေကနေ ဂျိုးဟိုကနေ ကင်မရွန် ဟိုင်ထ်လန်းကို ပြန် သွားခေါ်တယ်။ သူအိမ်မှာ အိပ်ခိုင်းပြီးတော့ သူက မင်းတို့ နှစ်ယောက် အလုပ်နဲ့ပတ်သက်ပြီးတော့မှ သူဌေး မကြိုက်တာတွေ မလုပ်ဖို့၊ ဆုံးမစကားတွေ ပြောတယ်။ အဲဒါ တအားဆုံးမလွန်တာ မကြိုက်ဘူး။ အဲဒါကြောင့် သတ်ချင်လို့ ဓါးနဲ့ ထိုးလိုက်တာဆိုပြီး ဝန်ခံထားတယ်။ အဲဒါ မကြိုက်လို့ ဓါးနဲ့ ထိုးလိုက်တယ်လို့ သူတို့ကိုယ်တိုင် ထွက်ဆိုထားတယ်” ဟု HCC အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူတွင် လည်ပင်၊ မျက်နှာ၊ ရင်ဘတ် စသည့် နေရာများတွင် ဓါးထိုးသွင်းဒဏ်ရာအများအပြားကို တွေ့ရှိရပြီး အမျိုးသမီးတွင် ဒဏ်ရာ အများအပြား ရရှိ၍ ဆေးကုသနေရသည်ဟု သိရသည်။
အသက် ၅၅ နှစ်အရွယ် သေဆုံးသူသည် မလေးရှားတွင် အနှစ် ၂၀ ခန့် နေထိုင်နေသူဖြစ်ပြီး ချင်းအသိုင်းအဝိုင်းမှာ ကူညီတတ်သူ အဖြစ် လူသိများသလို မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လာရောက်ချင်သူများကိုလည်း ပွဲစားအဖြစ် ဆောင်ရွက်ပေးသည်ဟု သိရသည်။
သေဆုံးသူသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မလိုင်ကျေးရွာ ဇာတိက ဦးအရွှေဖေဖြစ်ပြီး လူသတ်မှုကျူးလွန်သူများသည် ချင်းလူမျိုးများဖြစ်သော မောင်မောင် ၂၃ နှစ်နှင့် အန်ဗူ ၂၁ နှစ်တို့ဖြစ်သည်ဟု သိရသည်။

