(006SV)
မလေးရှားနိုင်ငံတွင် ရောက်ရှိနေထိုင်သော ချင်းအသိုင်းအဝိုင်းတွင် ငွေလွှဲလုပ်ကိုင်သူများနှင့် ငွေလွှဲသော ချင်းပြည်သူများသည် ငွေကြေးအလိမ်ခံရမှုကြောင့် သိန်းထောင်ချီနစ်နာဆုံးရှုံးသွားကြောင်း မလေးရှားမှ ချင်းအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
အောက်တိုဘာလဆန်း ၃ ရက်က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ တမင်ဂျာရာဒေသတွင် ချင်းအသိုင်းအဝိုင်းထဲက ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများနှင့် ချင်းပြည်သူများ နစ်နာဆုံးရှုံးရခြင်းဖြစ်သည်။
“တရားမဝင် ငွေလွှဲလုပ်တဲ့ ဒိုင်က ထွက်ပြေးသွားတယ်။ အဲလိုဖြစ်တော့ ချင်းအသိုင်းအဝိုင်းမှာဆိုရင် ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါ သွားတယ်။ ချင်းတစ်ဦးဆိုရင် ငွေလွှဲလုပ်တော့ သူ့ဆီကို ယုံယုံကြည်ကြည်အပ်တဲ့ ငွေပမာဏက များတော့ ရင်းဂစ် သိန်း ၂၀ အထက်ပါသွားတယ်။ ကျနော်တို့ ချင်းတွေ အတော်များများလည်း ထိကြတယ်၊၊ သတင်း အတိအကျ တော့ ရတယ်။ ပြည်သူ ဘယ်ဝါဆိုတာတော့ ပြောဖို့ ခက်တယ်။ ခံရတဲ့ လူတွေကလည်း ချင်းအသိုင်းအဝိုင်းကပါပဲ။ တော်တော်များများ ခံရတယ်။ မလေးရှားမှာ ဒီကိစ္စက တော်တော်ဂယက်ထနေပါတယ်” မလေးရှားနိုင်ငံရောက် ချင်းအမျိုးသားတစ်ဦးက ပြောသည်။
မလေးရှားတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သော ချင်းတချို့သည် လွှဲငွေများ အလိမ်ခံရမှုကြောင့် မလျော်နိုင်ဘဲ ထွက်ပြေးကြရ ကြောင်း၊ ငွေလွှဲလုပ်ကိုင်သူ ချင်းတစ်ဦးမှာ ရင်းဂစ် သိန်း ၂၀ ၊ အခြားချင်းတစ်ဦးမှာ ၁၈ သိန်း၊ မလေးရှားရောက်မြန်မာပို့ငွေ ရင်းဂစ် သိန်း ၁၀၀ ခန့် ပါသွားသူလည်း ရှိကြောင်း၊ ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါသွားမှုများလည်း ရှိကြောင်း သိရသည်။
မလေးရှားတွင် ဘဏ်များမှ တရားဝင် ငွေအလွှဲအပြောင်းတွင် ရင်းဂစ် ၂ သောင်း (သိန်း ၂၀၀ ဝန်းကျင်) သာ ရရှိချိန်တွင် ငွေလွှဲလုပ်ကိုင်သူများသည် မှောင်ခိုဈေးလမ်းကြောင်းကို အသုံးပြုကြကြောင်း၊ ယင်းသို့ အသုံးပြုရာတွင် ငွေလွှဲနှုန်း ပိုပေးနိုင်သူများနှင့် ဆက်သွယ် အလုပ်လုပ်ကိုင်ရာမှာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
မလေးရှားရှိ မြန်မာငွေလွှဲလုပ်ငန်းကြီးများက မလေးငွေ ၁ ရင်းဂစ်ကို ကျပ်ငွေ ၉၅၀ ဝန်းကျင်သာ ပေါက်ဈေးရှိချိန်တွင် ငွေကြေးလိမ်လည်သွားသူများက ကျပ်ငွေ ၁၀၇၀ အထိ ပေါက်ဈေးပေးကြကြောင်း၊ ၂ လမှ ၃ လဝန်းကျင်းအထိ အယုံသွင်းပြီးနောက် ငွေကြေးများ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုဖြစ်တာတော့ ငွေလွှဲလုပ်တဲ့ နေရာတွေမှာတောင် ကျားဖြန့်အဖွဲ့တွေက ရောက်နေပြီးလာပေါ့နော်။ စဉ်းစားစရာ ရှိတယ်။ သူတို့က အဲလောက်အထိ ပေးနိုင်တယ်ဆိုတော့ ဘယ်လိုမှ မအပ်စပ်ဘူးလေ။ အပြင်ပေါက်ဈေးနဲ့ သူတို့ ပေးတဲ့ ဈေးနဲ့က ရှိမှ မရှိတာ။ ဆိုတော့ လူတွေ တော်တော်များများက ငွေပိုရတယ်ဆိုတော့ အယုံလွယ်တာပေါ့” ဟု မလေးရှားမှ ချင်းလူမျိုးတစ်ဦးက ပြောသည်။
အဆိုပါငွေကြေးလိမ်လည်မှုများကြောင့် မလေးရှားရောက် ချင်းပြည်သူများနှင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ မည်မျှအထိ ထိခိုက်နစ်နာခဲ့ရသည်ကို ပိုမိုသိရှိရန် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

