(005MK)
အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နှင့် နေထိုင်ခွင့်လက်မှတ်မရှိဘဲ နေထိုင်ကြသူများ အား မောင်းထုတ်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခြင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ် ပြည်နယ် အတွင်းသို့ ဝင်ရောက်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟုသိရသည်။
မကြာသေးခင်ရက်ပိုင်းက ချင်းသတင်းဌာနတချို့တွင် မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်နေထိုင်ကြသူများအားလုံးကို ပြည်နယ်အစိုးရက မောင်းထုတ်မည်ဟု ရေးသားဖော်ပြမှုကြောင့် မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသော မြန်မာနိုင်ငံသား များအကြား စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။
အိုင်ဇောလ်ခရိုင် Sakawrdai ကျေးရွာတွင် ကျင်းပသော Young Mizo Association(YMA) အထွေထွေညီလာခံကြီး မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက တရားမဝင်ပြောင်းရွှေနေထိုင်ကြသူများအား မောင်းထုတ် ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးများနှင့်လည်း ဆွေးနွေးပြီးဖြစ်သည်ဟု ပြောဆိုကြောင်း ချင်း သတင်းဌာနများတွင်ဖော်ပြကြသည်။
သို့သော်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ ပြောဆိုသွားသည့်အဓိကဆိုလိုရင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော အိန္ဒိယပြည်မဘက်ကလာသော ဌာနေတိုင်းရင်းသားမဟုတ်သူများ အထူး သဖြင့် ဒေသအခေါ် (Vai) ဟုခေါ်ဆိုကြသော အိန္ဒိယလူမျိုးများကို မောင်းထုတ်ရန် ပြောဆိုသွားခြင်းဖြစ်သည်။
ဌာနေတိုင်းရင်းသားများမဟုတ်သည့် အိန္ဒိယနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်မည်ဆိုပါက တရားဝင် ခရီးသွားလက်မှတ်အထောက်အထား ILP ကို ပြုလုပ်ရပြီး ယင်း ILP လက်မှတ်ပါမှသာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ရှိသည်။
ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ILP မရှိဘဲ တရားမဝင် နေထိုင်ကြသော အိန္ဒိယနိုင်ငံသားအမြောက်အများရှိနေ ကြသည့်အတွက် ထိုသူများကို ပြည်နယ်အစိုးရနှင့် YMA တို့ပူးပေါင်းပြီး ရပ်ကွက်အလိုက် ရှာဖွေဖော်ထုတ်ကာ မောင်း ထုတ်ကြရန် မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုသွားခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသော မြန်မာနိုင်ငံသားများ၊ အလုပ် သမားများ၊ ဆေးဝါးကုသမှုခံယူနေသော တော်လှန်ရေးရဲဘော်များအတွက် အလွန်အမင်းစိုးရိမ်ပူပန်စရာမရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ ILP စနစ်လိုအပ်သော ပြည်နယ်မှာများမှာ မီဇိုရမ်၊ အာရွန်နချယ်၊ မဏိပူရ် နှင့် နာဂလဲန်း ပြည်နယ်တို့ဖြစ်သည်။
ယင်းစနစ်သည် ဒေသအတွင်းလူနည်းစုတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဗြိတိသျှလက်ထက်တုန်းက ကနဦးအသုံးပြုခဲ့သည့် ၁၈၇၃ ခုနှစ် ဘင်္ဂလား အရှေ့တောင်တန်း စည်းမျဉ်းဥပဒေအောက်တွင် ပြဌာန်းခဲ့ခြင်းဖြစ်သည်။

