(005MK)
မီဇိုရမ်ပြည်နယ်မှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်ဆီးခံရပြီးနောက် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော Denghmingthanga ကို ယနေ့ညနေပိုင်း ၆ နာရီခွဲဝန်းကျင်မှာ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးရမိပြီဟု သိရသည်။
အသက် ၂၀ အရွယ် Denghmingthanga သည် မီဇိုရမ်ပြည်နယ် Lunglei ခရိုင်၊ Mualthuam North ကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသူအား သ-တ်-ဖြ-တ်-ခဲ့-မှုဖြင့် ဖမ်းဆီးခံရသူဖြစ်သည်။
ထို့နောက် အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့က အကျဉ်းထောင်မှသွားရောက်ခေါ်ယူပြီး Lunglei ခရိုင် ရဲစခန်းအချုပ်မှာထားရှိစဉ် စက်တင်ဘာလ ၁ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ နှင့် ဒေသတွင်းလူငယ်အဖွဲ့အစည်းများက အပူတပြင်း ပိုက်စိပ်တိုက်လိုက်ရှာကြပြီးနောက် ယနေ့ စက်တင် ဘာ ၃ ရက် ညနေပိုင်း ၆ နာရီခွဲဝန်းကျင်မှာ Lunglei မြို့မှ ၉ ကီလိုမီတာအကွာ Vanhne ဒေသက တောင်ယာ တဲတစ်ခုမှာ အိပ်စက်နေစဉ်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြသည်။
Mualthuam North ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ H. Lalramdinpuii သည် ဩဂုတ်လ ၃ ရက် ညပိုင်းကတည်းက နေအိမ်မှ ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပြီး ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ အစိုးရအလယ်တန်းကျောင်း (Govt. Middle School) ၏ နောက်ဘက်၌ သေဆုံးနေသည့်ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယင်းလူသတ်မှုနှင့် ပတ်သက်၍ Lunglei ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) ဖွဲ့စည်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးရေးအဖွဲ့က သံသယရှိသူများ၏ ဖုန်းအသုံးပြုမှု ဒစ်ဂျစ်တယ်မှတ်တမ်းများနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ (Forensic evidence) အရ မသင်္ကာဖွယ်ရာ အချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် သံသယရှိသူ Mualthuam North ကျေးရွာသားများ ဖြစ်ကြသည့် Denghmingthanga (အသက် ၂၀ နှစ်) နှင့် Lalneihkima (အသက် ၃၄ နှစ်) တို့ကိုဖမ်းဆီးကာ ၎င်းတို့ကိုယ်တိုင်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်။
