(004SS)
မီဇိုရမ်ပြည်နယ်တွင် ပြည်သူ့ပန်းတိုင်အဖွဲ့၏ ပေါင်းစည်းလမ်း အသက်မွေးသင်တန်းဌာနမှ CDM များအတွက် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၃ သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အောင်မြင်ပြီးမြောက်ကြောင်း ၎င်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၈ ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး တပ်၊ ရဲ CDM မိသားစုများအပါအဝင် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီနှင့် မင်းတပ်မြို့တို့မှ စစ်ဘေး ရှောင်များနှင့် CDM ဝန်ထမ်း သင်တန်းသား စုစုပေါင်း ၈ ဦး တက်ရောက်ခဲ့ကာ ၈ ဦးစလုံး သင်တန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဟု ဆိုသည်။
သင်တန်းကာလအတွင်း စက်ချုပ်ပညာရပ်များအပြင် ချည်ထိုး၊ ပန်းထိုး ဘာသာရပ်များကိုပါ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။
ထို့ပြင် ထူးချွန်သင်တန်းသူတစ်ဦးကို အပ်ချုပ်စက် ၁ လုံး ဆုအဖြစ် ချီးမြှင့်ခဲ့ပြီး သင်တန်းသားများက သင်တန်းအတွင်း အတွေ့အကြုံနှင့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်မှ ၂၄ ရက်နေ့ကလည်း ပြည်သူ့ပန်းတိုင်အဖွဲ့ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊ ဇိုခေါသာရ်တွင် CDM စစ်သားနှင့် ရဲသား ၂၄ ဦးအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ IHL အခြေခံသင် တန်းကို၂ ရက်ကြာ ပို့ချပေးခဲ့ပြီးဖြစ်သည်။
ယင်းသင်တန်းကို လက်ရှိ တော်လှန်ရေး ပဋိပက္ခများအတွင်း အပြစ်မဲ့ ပြည်သူများကို ပိုမိုထိရောက်စွာ အကာအကွယ် ပေးနိုင်ရန်နှင့် စစ်မြေပြင်ဆိုင်ရာ ကျင့်ဝတ်၊ စစ်ဥပဒေများကို လေးစားလိုက်နာလာစေရန် ရည်ရွယ်၍ ပို့ချခဲ့ခြင်းဟု သိရသည်။

