(006SV)
Myanmar League တွင် ကစားနေသော Chinland FC အသင်းမှ ချင်းဘောလုံးသမားတစ်ဦးသည် ရန်ကုန်မြို့က အိမ်အပြန် လမ်းတွင် ပျောက်ဆုံးသွားမှုမှာ တစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း Chinland FC ထံမှ သိရသည်။
ဩဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့အတွင်း ဖူဆယ်ပွဲ ကြည့်ပြီး လိုင်းကားဖြင့် ပြန်လာစဉ် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၇/၈ လမ်းဆုံတွင် ဆင်းခဲ့ကာ တက္ကစီဖြင့် အဆောင်သို့ ပြန်ရန် ပြင်ဆင်သည့်အထိ အဆက်အသွယ် ရရှိခဲ့သည်ဟု Chinland FC က ဒီနေ့ ဩဂုတ်လ ၂၇ ရက်မှာ ကြေညာသည်။
ပျောက်ဆုံးသူမှာ Myanmar League တွင် Chinland FC ဘောလုံးအသင်းအတွက် ကျောနံပါတ် ၅ ဝတ်ဆင် ကစားနေသူ ၊ မတူပီမြို့နယ်သား အသက် ၂၂ အရွယ် Pa Lung ဖြစ်သည်ဟု သိရသည်။
အဆိုပါနေ့မှ ယနေ့ ဩဂုတ်လ ၂၇ ရက်အထိ အဆက်အသွယ် မရရှိတော့ဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ အသင်းအနေဖြင့် ရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားခြင်း၊ လူပျောက်အမှုဖွင့်ခြင်းတို့ ပြုလုပ်ထားသည်ဟု သိရသည်။
MFF ၊ MNL တာဝန်ရှိသူများနှင့်လည်း လိုအပ်သော အရာများကို Chinland FC က လုပ်ဆောင်နေပြီး Pa Lung ကို မည်သည့် နေရာတွင် တွေ့ရှိသူ၊ သူနှင့်ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများ ရှိပါက 09 454 550 017 ၊ 09 964 269 633 ဖုန်းနံပါတ်များသို့ အကြောင်းကြားပေးပါရန် Chinland FC က အသိပေးထုတ်ပြန်သည်။
Chinland FC အသင်းသည် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများကို ကိုယ်စားပြု၍ Myanmar League တွင် ယှဉ်ပြိုင်ကစားနေသော အသင်းဖြစ်ပြီး Myanmar League 2 ချန်ပီယံဆု ၂ ကြိမ် ရရှိထားသည့်အပြင် ယခုနှစ်တွင် Myanmar League 1 တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်ဟု သိရသည်။

