(006SV)
၂၀၂၁ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် စစ်တပ်ကို အာဏာသုံးရပ် လွှဲပြောင်းပေးရာတွင် ဦးဆောင်သူများထဲ ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေသည် အာရုံကြောရောဂါများဖြင့် ယနေ့ နံနက်တွင် ကွယ်လွန်သွားပြီဟု အာဏာသိမ်းစစ်တပ်က ကြေညာသည်။
ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်မှာ အမှတ် ၂ တပ်မတော်ဆေးရုံး ခုတင် ၁၀၀၀ တွင် အသက် ၇၄ အနှစ်အရွယ်မှာ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုကို နိုင်ငံတော်ဈာပနာအဖြစ် ကျင်းပပြုလုပ်သွားမည်ဟု စစ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ဦးမြင့်ဆွေသည် အာရုံကြော နှေးကွေးတုန့်ဆိုင်းရောဂါ၊ ယင်းရောဂါနှင့် ဆက်စပ်နေသော အာရုံကြော အားနည်းရောဂါများကြောင့် နေပြည်တော်ရှိ စစ်ဆေးရုံး အမှတ်၂ မှာ အထူးကြပ်မတ်ကုသမှု ခံယူနေရကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ပြီး ၁ ရက်ကျော် အကြာမှာ ကွယ်လွန်ခြင်းဖြစ်သည်။
၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက အာရုံကြောများ နှေကွေးတုန့်ဆိုင်းခြင်း ရောဂါနှင့် ဆက်စပ်အာရုံကြော အားနည်းရောဂါများကို ခံစားနေရပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ စင်္ကာပူနိုင်ငံ မောင့်အဲလိဇဘတ် ဆေးစင်တာနှင့် စစ်ဆေးရုံးတို့မှာ အကြိမ်ကြိမ် ဆေးဝါးကုသမှု ခံယူထားရကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်၍ နေအိမ်မှာပဲ ဆေးကုသပေးနေရကြောင်း စစ်တပ်က သတင်းထုတ်ပြန် ထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်တွင်လည်း ဒုတိယသမ္မတတာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းချိန်တွင်လည်း ယာယီသမ္မတအဖြစ် ကာ/ လုံအစည်းအဝေးကို ဦးဆောင်ကျင်းပပေးခဲ့ပြီး စစ်တပ်ကို အာဏာသုံးရပ်စလုံးကို လွှဲပြောင်းပေးခဲ့သည်။
ထို့နောက် ဦးမြင့်ဆွေကို ယာယီသမ္မတရာထူးမှ အနားပေးပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုက်က သူ့ကိုယ်တိုင် ယာယီသမ္မတရာထူးကို ဆက်လက်ရယူထားသည်။