(006SV)
ရခိုင်ပြည်နယ်အခြေစိုက် Border News Agency ၏ အမျိုးသမီး သတင်း ထောက်တစ်ဦးကို အာရက္ခတပ်တော် ULA/ AA ၊ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးထားသည်ဟု Border News Agency ကြေညာသည်။
စက်တင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီခန့်တွင် Border News Agency ၏ အမျိုးသမီး သတင်းထောက် မ မုဒြာကို မောင်တောမြို့ နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
BNA ၏ သတင်းထောက်ကို လာရောက်ခေါ်ဆောင်သွားသော အဖွဲ့အစည်းမှာ ULA/ AA ၏ ထောက်လှမ်းရေးဟု သိရှိရပြီး လာရောက် ခေါ်ဆောင်ပြီးနောက် ULA/ AA ၏ ထောက်လှမ်းရေးရုံးတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။
မောင်တောမြို့နယ်အပါအဝင် နယ်စပ်ဒေသ သတင်းများနှင့် ULA/ AA ၏ သတင်းများကို ဖော်ပြရာတွင် မကောင်း ဘက်က ရေးသားဖော်ပြသည်ဟု ပြောဆိုချက်များဖြင့် အမျိုးသမီးသတင်းထောက် မမုဒြာကို ဖမ်းဆီးခြင်းဖြစ်ကြောင်း BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်ဟု ရခိုင်သတင်းဌာန Western News က ရေးသားသည်။
အမျိုးသမီးသတင်းထောက် မမုဒြာ နှင့်ပတ်သက်ပြီး နားလည်မှု လွဲမှားနေသည်များ ရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင် နားလည်ပေး နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း BNA ထုတ်ပြန်သည်။
သတင်းထောက် မမုဒြာဖမ်းဆီးခံရမှုကြောင့် မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုအပေါ်တွင် ဖြစ်စေ၊ နိုင်ငံတကာ ဥပဒေများကို အလေထား၍ဖြစ်စေ ပြန်လည်ပို့ဆောင်ပေးကြပါရန် BNA အယ်ဒီတာအဖွဲ့က တောင်းဆိုသည်။
BNA သည် အာရက္ခဒေသရှိ ဘာသာပေါင်းစုံ နှင့် လူနည်းစုများ၏ အသံများကို ဖော်ထုတ်ပြီး ကွာဟချက်ကို ပေါင်းကူးပေးနိုင် သည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း ထုတ်ပြန်သည်။
BNA ၏ တန်ဖိုးများသည် ပဋိပက္ခပေါင်းစုံ ကြုံတွေ့နေရသော အာရက္ခဒေသ၏ ဗဟုဝါဒ စုံလင်ကွဲပြားမှုများကို မြှင့်တင်ရန် ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတ ဖြစ်မှုအပေါ် အခြေခံပါသည်ဟု ထုတ်ပြန်သည်။

