(006SV)
ချင်းပြည်နယ်၊ မရာဒေသ၊ လိုင်လင်းပီမြို့အုပ်ချုပ်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အတွင်းရေးမှူးအပါအဝင် ရာထူး ၃ နေရာကို ခေါ်ယူလျက်ရှိသည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ကြေညာသည်။
လိုင်လင်းပီမြို့ကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေနှင့်အညီ အုပ်ချုပ်ရေးရုံးကို ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူး၊ မြို့အတွင်းရေးမှူး နှင့် မြို့ဘဏ္ဍာထိန်းရာထူးနေရာများကို ခေါ်ယူနေခြင်းဖြစ်သည်။
“ကျနော်တို့ အုပ်ချုပ်ရေးယန္တရားကို မရာတနယ်လုံးကို လည်ပတ်နေတာဖြစ်တယ်။ အဲဒီမှာ မြို့အုပ်ချုပ်ရေးကို သီးသန့် လည်ပတ်ဖို့ ရည်ရွယ်တာရှိလို့ ဒီလိုခေါ်လိုက်ရတာဖြစ်တယ်။ ဒီမှာ အလုပ်ခေါ်တဲ့ အခါမှာ စိတ်ဝင်စားတဲ့ လူက လျှောက်လွှာနဲ့ လာပြီး အများကြီး လျှောက်ကြပါလိမ့်မယ်။ ဒီအချိန်မှာ ရွေးကောက်ခံ စနစ်တော့ မဟုတ်ဘူးပေါ့လေ။ အလုပ်အမှုဆောင်ဆီမှာ အုပ်ချုပ်ရေးကော်မတီလို့ ခေါ်တဲ့ EMC ကနေ တိုက်ရိုက်ခန့်အပ်တဲ့ စနစ်ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ EMC ကနေ အလုပ်ခေါ်တဲ့အခါမှာ စီစစ်ရေးကော်မတီ ရှိပါလိမ့်မယ်၊၊ ဒီစီစစ်ဆေးရေးကော်မတီကနေ သူတို့ အရည်အချင်းတွေကို စစ်မယ်။ နှုတ်ဖြေတွေလည်း ရှိပါလိမ့်မယ်” ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ- MTC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လိုင်လင်းပီမြို့အုပ်ချုပ်ရေးရုံးကို အမြန်ဆုံးဖွင့်လှစ်၍ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လေကြောင်းအန္တရာယ်ကြောင့် ဖွင့်လှစ်မည့် ရက်စွဲကို အတိအကျပြောရန် အခက်အခဲရှိသည်ဟု MTC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လိုင်လင်းပီမြို့သာမက မရာဒေသ တစ်နယ်လုံးတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင် လျက်ရှိသည်ဟု သိရသည်။
လစ်လပ်ရာထူးနေရာများကို ဇူလိုင်လ ၂၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး ဌာနနေတိုင်းရင်သား မရာမျိုးနွယ် စုထဲမှ ဖြစ်ရမည်၊ မြို့ရုံးစိုက်ရာ နေရာတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ မရာစာ၊ မြန်မာစာများကို ရေး/ ပြောနိုင်သူဖြစ်ရမည်ဟု သိရသည်။
ထို့အပြင် မရာပဋိညာဉ်ကို အပြည့်အဝ လက်ခံယုံကြည်ပြီး သစ္စာစောင့်သိသူ၊ လိုက်နာနိုင်သူ ဖြစ်ရမည်၊ MTC အဖွဲ့ကို ထိခိုက်စေနိုင်သော ရာဇဝတ်ပြစ်မှုတစ်ခုခု ကျူးလွန်သူ မဖြစ်ရဘဲ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အတွင်းရေးမှူးတို့သည် အုပ်ချုပ်ရေးအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိပြီးသူ သက်ဆိုင်ရာဘွဲ့လက်မှတ်ကိုင်ဆောင်သူကို ဦးစားပေးမည်ဟု သိရသည်။
အသက် ၂၅ နှစ်ပြည့်ပြီသူ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်၊မြို့ဘဏ္ဍာထိန်းသည် လုပ်ငန်းအတွေ့အကြုံရှိပြီးသူ သက်ဆိုင် ရာဘွဲ့လက်မှတ်ကိုင်ဆောင်သူ အမျိုးသမီးများကို ဦးစားပေးမည်ဟု ဆိုသည်။
မသန်စွမ်းသူများလည်း လျှောက်ထားနိုင်ပြီး CDM ဝန်ထမ်းများကို အထူးဦးစာပေးမည်ဟု ဆိုသည်။
ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC)/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့သည် ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်၍ ၎င်းတို့ ထိန်းချုပ်ရာဒေသတွင် မရာပြည်သူလူထုတိုင်းသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ချွင်းချက်မှလွဲ၍ မည်သည့် ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည်ဟု သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။
မရာဒေသတွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်သည့် ကြားကာလမရာနယ်ကောင်စီ- IMC/ CDF-Mara အဖွဲ့လည်း ရှိသည်ဟု သိရသည်။