(005MK)
မီဇိုရမ်ပြည်နယ်က ယာဉ်မောင်းတစ်ဦး မြန်မာဘက်သို့ ကုန်ပစ္စည်းသွားပို့ရာတွင် သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ၂ လပိတ်ထားလိုက်သည်ဟု လောင်တလိုင်ခရိုင် တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်သည်။
လောင်တလိုင်ခရိုင်နှင့် ထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစ၍ နောက်ထပ်အမိန့်ထုတ်ပြန်မှုမရှိမချင်း ၂ လပိတ်ထားမည်ဟု လောင်တလိုင် ခရိုင် တရားသူကြီး DONNY LALRUATSANGA ကအမိန့်ထုတ်ပြန်သည်။
နိုင်ငံခြားသားများအားလုံး ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်၍ မည်သူမျှ ဝင်ရောက်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော်၍ ခရီးသွားလာခြင်းနှင့် မည်သည့်ကုန်ပစ္စည်းမှ သယ်ယူ တင်သွင်းခွင့် မပြု ကြောင်း၊ ယင်းပိတ်ပင်မှုသည် လောင်တလိုင်ခရိုင်အတွင်းရှိ ယာဉ်များအပြင် အခြားခရိုင်များက ယာဉ်များလည်း အကျုံးဝင် သည်ဟု ဆိုသည်။
လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေထိုင်သော အသက် ၃၇ နှစ်အရွယ် Pu Lalremsanga သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ က Pickup ကားတစ်စီးဖြင့် မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝ (Salachhuah) ကျေးရွာသို့ ကုန်ပစ္စည်းများပို့ဆောင်ရာမှာ ပျောက်ဆုံးသွားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အလောင်းကို တွေ့ရှိ ခဲ့ကြသည်။
Pu Lalremsanga သေဆုံးသည့်နေရာသည် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရှင်းလက်ဝဒေသမှာဖြစ်ပြီး၊ ရှင်းလက်ဝသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နှင့်ရခိုင်ပြည် နယ်သို့ ကုန်ပစ္စည်းများပို့ဆောင်ရာ အဓိကနေရာဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်းလူငယ်များအသင်း CYLA နှင့် လောင်တလိုင်ခရိုင် Pickup Association အဖွဲ့ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားကြောင်း ကြေညာခဲ့ကြသည်။

