ကလေး-တီးတိန် လမ်းပိုင်းတွင်လည်း စစ်တပ်က ယာဉ်အတက်များကို ပိတ်ထား
(004SS)
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ရိဒ် ခေါဒါရ် ကြားဆက်သွယ်သည့် အမှတ် -၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အများပြည်သူ လုံခြုံရေးအတွက် CDF-Hualngoram က နောက်ထပ် ထုတ်ပြန်ချက် မထုတ်ပြန်ခင်အထိ ယာယီပိတ်ထား ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။
ယင်းကဲ့သို့ တီးတိန်-ရိဒ် လမ်းမကြီး ပိတ်ပင်လိုက်ရခြင်းမှာ လက်ရှိ စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ တီးတိန်ကနေ မံဆောင်းတံတားဘက်မှာ လှုပ်ရှားမှုရှိလို့ ကျွန်တော်တို့က စစ်ရေးအရ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် ပိတ်တာဖြစ်တယ်။ လုံခြုံရေးအခြေအနေ ပြန်ကောင်းတာနဲ့ ချက်ချင်း ပြန်ဖွင့်ပေးမှာပါ” ဟု CDF-Hualngoram စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တီးတိန်မြို့ဘက်မှ ရိဒ်ခေါဒါရ်ဘက်သို့ ဦးတည်လာသည့် စစ်တပ်၏ စစ်ကြောင်းတစ်ခုသည် မဏိပူရမြစ်ကူး မံဆောင်းတံတားဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး၊ အသေးစိတ် အခြေအနေများနှင့် ပတ်သက်၍ ခိုနူးမ်းသုန်သတင်းဌာနက ဆက်လက် စုံစမ်းအတည်ပြုလျက်ရှိသည်။
အလားတူ ကလေးမြို့နှင့် ချင်းပြည်မြောက်ပိုင်းဆက်သွယ်ရာ အဓိကလမ်းမကြီးဖြစ်သည့် သိုင်းငဲင်းလမ်းပိုင်းကိုလည်း စစ်တပ်က အဆင်းယာဉ်များကိုသာ သွားလာခွင့်ပြုထားပြီး အတက်ယာဉ်များကိုမူ ဖြတ်သန်းသွားလာခွင့် မပြုဘဲ ပိတ်ပင်ထားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် သိုင်းငဲင်း စခန်းကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ကလေးမြို့အထွက် ၈ မိုင်/၉ မိုင် မှစ၍ တီးတိန်မြို့အထိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၈ ခုခန့် ရှိသည်ဟုသိရသည်။

