(005MK)
မီဇိုရမ်ပြည်နယ် လောတလိုင်ခရိုင်အတွင်း စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသား များအား အိမ်ငှားရမ်းပေးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်သည်ဟု သိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့က လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်မှုဖြင့် “တရားဥပဒေ စိုးမိုးရေး (Enforcement of Law and Order)” နှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးတွင် လောင်တလိုင်ခရိုင်အတွင်း နိုင်ငံခြားသားများ အဝင်/အထွက် ထိန်းချုပ်ရေး လုပ်ငန်းများ ကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသားများအား အိမ်ငှားရမ်းပေးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ကြောင်းဆုံးဖြတ်ခဲ့ကြသည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးဌာနကထုတ်ပြန်သည်။
ယင်းကိစ္စအတွက် ခရိုင်အုပ်ချုပ်ရေးမှူး(DC) ရုံးမှ လိုအပ်သလို အမိန့်ထုတ်ပြန်သွားရန်နှင့် ဟိုတယ်၊ ဟုမ်းစတေး (Homestay) များကိုလည်း ပိုမိုတင်းကြပ်စွာ စစ်ဆေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် လောင်တလိုင်ခရိုင်အတွင်း အထောက်အထား (Certificates) အတုထုတ်ပေးခြင်းမရှိစေရေး ဆောင်ရွက်ရန်၊ ထောက်ခံစာအတု ပြုလုပ်သူနှင့် ထုတ်ပေးသူများကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူရန် DC ရုံးနှင့် CYLA တို့က လိုက်ပါဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့နှင့် YLA တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်းသိရသည်။
လောင်တလိုင်ခရိုင်သည် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်များ ဒုတိယအများအဆုံးနေထိုင်သည့် ဒေသဖြစ်သည်။
ထို့အပြင် လောင်တလိုင်ခရိုင်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်ကို အိန္ဒိယကုန်ပစ္စည်း များ အဓိကတင်သွင်းသည့်လမ်းကြောင်းဖြစ်လာပြီး နေ့စဉ်နှင့်အမျှ မြန်မာဘက်ခြမ်းကနေ အဝင်အထွက်ပြုလုပ်သူများလာသည့်အပြင် လောင်တလိုင်ခရိုင်ထဲမှာလည်း အိမ်ငှါးနေထိုင်သူများလာသည့်အတွက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
