မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်းနဲ့ ရေကြောင်းပြောင်းလဲခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြေပေါ်၊ မြေအောက် ရှိနေနိုင်တဲ့ မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေဟာ မူလတည်ရှိရာနေရာတွေကနေ ယခင်က အန္တရယ်ကင်းနေခဲ့သောနေရာတွေကို မျောပါ/ရွေ့လျားသွားတတ်ပါတယ်။
ဒီအခြေအနေကြောင့် အရင်က ဘေးကင်းတယ်လို့ ယူဆထားတဲ့ လယ်ကွင်းများ၊ သွားလာနေကျ လမ်းများ၊ မြစ်ချောင်းကမ်းပါးတွေနဲ့ လူနေထိုင်သွားလာတဲ့ ဧရိယာထဲကို မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေ မထင်မှတ်ဘဲ ရောက်ရှိလာနိုင်တာကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီးနောက် ပုံမှန်လှုပ်ရှားသွားလာတဲ့နေရာတွေမှာတောင် အထူးသတိပြုဖို့ လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးချိန်မှာ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ၊ အမှတ်အသားတွေဟာလည်း ရေနဲ့အတူမျောပါလာခြင်း/ ပျက်စီးခြင်းများ ဖြစ်နိုင်တာကြောင့် အမှတ်အသားမရှိရင်တောင် ၎င်းနေရာတွေကို ဘေးကင်းတယ်လို့ လုံးဝ မယူဆပါနဲ့။
သဘာဝဘေးအန္တရာယ်တွေပြီးနောက် သင့်ထံ မထင်မှတ်ဘဲ ရောက်ရှိလာနိုင်တဲ့ အသက်အန္တရာယ်တစ်ခု ရှိနေပါတယ်။
ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်းနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြေကြီးထဲက မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေဟာ နေရာဟောင်းကနေ မျောပါရွေ့လျားသွားတတ်ပါတယ်။ မနေ့က ဘေးကင်းခဲ့တဲ့ လမ်းဟာ ဒီနေ့ အန္တရာယ်နယ်မြေ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် သဘာဝဘေးတွေဖြစ်ပွားပြီးစနေရာတွေမှာ – မသင်္ကာစရာ ပစ္စည်းမှန်သမျှကို လုံးဝ မထိ၊ မကိုင်၊ မနင်း၊ အိမ်ကို မယူလာပါနဲ့။ ရေမျောပါလာတဲ့ အမှိုက်ပုံတွေ၊ သစ်တုံးတွေကို လက်နဲ့ မဆွပါနဲ့။ ကလေးငယ်တွေကို ရေကြီးထားတဲ့ ရေအိုင်ရွှံ့နွံတွေထဲ သွားရောက် မဆော့ကစားပါစေနဲ့။
ဆောင်ရန်နှင့် ရှောင်ရန်ဆိုတဲ့ ဒီအချက်တွေကို အနီးကပ်လိုက်လျှောက်လုပ်ဆောင်ပါ…
✅ ဆောင်ရန်များ
• သဘာဝဘေးအပြီး သွားလာရာတွင် မိမိကျွမ်းကျင်သော သို့မဟုတ် လူအများ သွားလာနေကျ လမ်းကြောင်းများကိုသာ အသုံးပြုပါ။
• မြေဆီလွှာ ပြိုကျထားသော၊ ရေမျောပါလာသော သစ်တုံး၊ ပလတ်စတစ်၊ သတ္တုဗူးများနှင့် မသင်္ကာဖွယ် ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရှောင်ပါ။
• မိုင်း အန္တရယ်သတိပေး အမှတ်အသားများကို အစဉ်အမြဲ သတိပြုကြည့်ရှုပါ။
• မသင်္ကာဖွယ် ပစ္စည်းတွေ့ပါက သက်ဆိုင်ရာ ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်း (သို့) ပုဂ္ဂိုလ်၊ ကြက်ခြေနီ (သို့) မိုင်းအန္တရာယ် ကာကွယ်ရေး အဖွဲ့များထံ ချက်ချင်း သတင်းပို့ပါ။
• မိသားစုဝင်များ၊ ကလေးငယ်များအား သဘာဝဘေးအပြီး ရွှေ့လျားလာနိုင်သော မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း ထပ်ဆင့် အသိပညာပေးပါ။
❌ ရှောင်ရန်များ
• မသင်္ကာဖွယ်ရာ ပစ္စည်းများ၊ ကြိုးများ၊ သတ္တုဘူးများကို လုံးဝ ကိုင်တွယ်ခြင်း၊ မီးရှို့ခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း မပြုရ။
• သတိပေးအမှတ်အသား တပ်ဆင်ထားသော သို့မဟုတ် မသင်္ကာသော နေရာများသို့ ဆော့ကစားရန် သို့မဟုတ် ပစ္စည်းရှာရန် မဝင်ရောက်ရ။
• ရေနဲ့အတူ မျောပါလာသည့် အမှိုက်ပုံများ၊ နွံတောများနှင့် သစ်ပင်/ သစ်ကိုင်းအခြောက် အပျက်အစီးများအား မွှေနှောက်ခြင်း မပြုရ။
• မိမိကိုယ်တိုင် မိုင်းဟု သင်္ကာမကင်းဖြစ်သော ပစ္စည်းများကို ရွှေ့ပြောင်းရန် သို့မဟုတ် ဖျက်ဆီးရန် လုံးဝ မကြိုးစားပါနှင့်။
• ရေကြီးပြီးစ သို့မဟုတ် မြေပြိုပြီးစ တောင်နံရံ/ သစ်တော စသည့်နေရာများသို့ အကြောင်းမဲ့ ထင်းခွေ/ ဟင်းစားရှာ မသွားရ။
“သတိပြုသွားလာပါ… သင့်မိသားစုနဲ့ ရပ်ရွာ ဘေးကင်းဖို့ ဒီသတင်းစကားကို ထပ်ဆင့် အသိပညာပေး မျှဝေပါ။ အသက်အန္တရာယ် ကာကွယ်ဖို့ သတိအမြဲ ရှိပါစေ”

