မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲပစ္စည်းတွေ (ERW) ကြောင့် ပြည်သူအများအပြား သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို ရင်ဆိုင်နေကြရပါတယ်။
အသက်အန္တရာယ်ကနေ လွတ်မြောက်လာသူတွေဟာ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာတွေကို ကုသနိုင်ခဲ့ရင်တောင် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ၊ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံတွေကြောင့် နောက်ဆက်တွဲအဖြစ် စိတ်ဒဏ်ရာ (Trauma)၊ စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်လွန်ကဲမှု (Anxiety) နှင့် မတော်တဆဖြစ်ရပ်လွန် စိတ်ဖိစီးမှုရောဂါ (PTSD) စသည့် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကို နောက်ဆက်တွဲအနေနဲ့ ပြင်းထန်စွာ ခံစားကြရလေ့ရှိပါတယ်။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရယ်ကြုံရသူများတွင် တွေ့ရလေ့ရှိသော စိတ်ကျန်းမာရေး လက္ခဏာများ
အသက်ရှင်ကျန်ရစ်သူတွေဆီမှာ အောက်ပါလက္ခဏာများ တွေ့ရှိရပါက စိတ်ပိုင်းဆိုင်ရာ အရေးပေါ် ပံ့ပိုးကူညီမှု လိုအပ်နေခြင်း ဖြစ်ပါတယ် –
• အတိတ်ဖြစ်ရပ် ပြန်လည်ခြောက်လှန့်ခြင်း : ဖြစ်ပျက်ခဲ့သည့် ပေါက်ကွဲမှုကို အဖန်ဖန် ပြန်လည်မြင်ယောင်နေခြင်း သို့မဟုတ် အသံကျယ်ကျယ်ကြားပါက လွန်စွာ ထိတ်လန့်တုန်လှုပ်ခြင်း။
• အိပ်စက်မှု ပြဿနာများနှင့် အိမ်မက်ဆိုးများ : ညဘက်တွင် အိပ်မပျော်ခြင်း၊ ညစဉ် အိမ်မက်ဆိုးများ မကြာခဏမက်ခြင်း။
• စိတ်ခံစားမှု သီးခြားခွဲထွက်ခြင်း : မိသားစုနှင့် အသိုင်းအဝိုင်းမှ သီးခြားခွဲထွက်နေခြင်း၊ မည်သည့်အရာကိုမျှ စိတ်မဝင်စားတော့ခြင်း။
• ပြင်းထန်သော စိုးရိမ်စိတ်နှင့် ဒေါသထွက်လွယ်ခြင်း : အစဉ်အမြဲ စိုးရိမ်ထိတ်လန့်နေခြင်း၊ စိတ်တိုလွယ်ခြင်း၊ သံသယများပြားနေခြင်း။
• အပြစ်ရှိစိတ် ခံစားရခြင်း : “ငါတစ်ယောက်တည်း အသက်ရှင်ခဲ့တယ်” သို့မဟုတ် “ငါ့ကြောင့် မိသားစု ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်” ဟု မိမိကိုယ်ကို အပြစ်တင်စိတ် ခံစားရခြင်း။
မိသားစုနှင့် အသိုင်းအဝိုင်းမှ လက်တွေ့ကျကျ ကူညီပေးနိုင်မည့် နည်းလမ်းများ
၁။ လုံခြုံပြီး စာနာသော ဝန်းကျင် ဖန်တီးပေးပါ
- စကားပြောရန် အတင်းအကျပ် မတိုက်တွန်းပါနှင့်။
- စကားပြောလာပါက ဆုံးမခြင်း၊ အပြစ်တင်ခြင်း၊ “အရာရာ အိုကေသွားမှာပါ” ဟု ပေါ့ပေါ့တန်တန် ပြောခြင်းများ ရှောင်ကြဉ်ပါ။
- ဂရုတစိုက် စိတ်ရှည်စွာ နားထောင်ပေးပါ။
၂။ လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ပါဝင်စေပါ
- သနားကရုဏာသက်လွန်းသော အမူအရာဖြင့် ဝန်ထုပ်ဝန်ပိုးကဲ့သို့ မဆက်ဆံပါနှင့်။
- မိသားစုနှင့် ရပ်ရွာ၏ ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်ပေးပါ။
- သူတို့ လုပ်ဆောင်နိုင်သည့် သေးငယ်သော တာဝန်များကို ပေးအပ်ပါ။
၃။ သက်တူရွယ်တူအချင်းချင်း ကူညီဖေးမမှုပေးပါ
- တူညီသော ဒဏ်ရာရထားသူ အချင်းချင်း တွေ့ဆုံစကားပြောနိုင်သည့် အဖွဲ့များ ဖန်တီးပေးပါ။
- တစ်ဦး၏အတွေ့အကြုံကို တစ်ဦးက မျှဝေခြင်းဖြင့် “ငါတစ်ယောက်တည်း မဟုတ်ပါလား” ဆိုသည့် အသိကို ရရှိစေပါ။
၄။ ကျွမ်းကျင်သူများနှင့် အချိတ်အဆက် ပြုလုပ်ပေးပါ
- လက္ခဏာများ လပေါင်းများစွာ ကြာမြင့်နေပါက စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးသူများ သို့မဟုတ် ဆရာဝန်များနှင့် ချိတ်ဆက်ပေးပါ။
- စိတ်ကျန်းမာရေး ကုသမှုခံယူခြင်းသည် ရူးသွပ်ခြင်းမဟုတ်ကြောင်း အသိပေးပါ။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရယ်ကြုံရသူတွေနဲ့ ဆက်ဆံရာမှာ ရှောင်ကြဉ်ရမည့် အချက်များ
❌ “ကံကောင်းလို့ အသက်ရှင်တာပဲ၊ ဝမ်းသာရမယ်” ဟု စိတ်ဒဏ်ရာကို လျှော့တွက်ပြောဆိုခြင်း။ (သူတို့ ခံစားနေရသော ဆုံးရှုံးမှုကို ပစ်ပယ်လိုက်သကဲ့သို့ ဖြစ်စေပါသည်။)
❌ “အမြန်မေ့လိုက်ပါတော့” ဟု တိုက်တွန်းခြင်း။ (စိတ်ဒဏ်ရာသည် ဆန္ဒရှိရုံဖြင့် ချက်ချင်း မေ့ပစ်၍ မရနိုင်ပါ။)
❌ ဖြစ်စဉ် အသေးစိတ်ကို သိလိုစိတ်ဖြင့် အတင်းအကျပ် မေးမြန်းခြင်း။ (အတိတ် စိတ်ဒဏ်ရာကို ပြန်လည်နိုးကြွစေပါသည်။)
❌ သူတို့၏ရှေ့တွင် သနားစရာ၊ အသုံးမကျတော့သူများကဲ့သို့ သက်ပြင်းချခြင်း သို့မဟုတ် ဆက်ဆံခြင်း။
“ခန္ဓာကိုယ်ကဒဏ်ရာတွေ ကျန်းမာရေးပြန်ကောင်းလာဖို့ ဆေးကုသမှုလိုအပ်သလိုပဲ၊ စိတ်ဒဏ်ရာတွေ ပြန်လည်ကျန်းမာလာဖို့အတွက်လည်း စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ နားလည်ပေးမှုတွေ အမှန်တကယ် လိုအပ်ပါတယ်။ စိတ်ဒဏ်ရာ ခံစားနေရခြင်းဟာ အားနည်းခြင်းမဟုတ်ဘဲ သဘာဝကျသော တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်”

