(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် Zo Reunification Organization (ZORO) အဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၄ နှစ်မြောက် ချင်း-လူရှိုင်းညီလာခံ(Chin-Lushai Conference) နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက် နေ့က ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ရှိ Lal Thanhawla Auditorium ခန်းမမှာ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်း ၁၁ နာရီတွင် ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးအပါအဝင် ZORO ၊ MZP ခေါင်းဆောင်များနှင့် ချင်းလွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
၁၃၄ နှစ်မြောက် ချင်း-လူရှိုင်းညီလာခံအခမ်းအနားမှာ ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသော မီဇိုရမ်ပြည် နယ်လွှတ်တော်ဥက္ကဌ Pu Lalbiakzama က “ Zofate (ချင်း-လူရှိုင်း-ကူကီး) အနွယ်ဝင်တွေဟာ မိမိတို့ရဲ့သဘောထား ဆန္ဒမပါဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် ၃ နိုင်ငံမှာ တကွဲတပြားစီပိုင်းခြားခံရပြီး နေထိုင်ကြရတယ်၊ လူတွေကပြုလုပ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေရဲ့ ပိုင်းခြားကန့်သတ်ခံရမှုတွေကြာလာတဲ့အခါမှာ ဘာသာစကား၊ အပြုအမူ၊ လူနေမှုပတ်ဝန်းကျင် အပြောင်းအလဲတွေရှိနေပေမယ့်လည်း မိမိတို့ဟာ တအူတုံဆင်းညီရင်းအကိုတွေဖြစ်ကြပါတယ်။ ဒါကြောင့် မိမိတို့ညီအကိုအချင်း ချင်းကြားမှ နားလည်မှုရှိရှိနဲ့ ချစ်ကြည်ရင်းနှီးစွာနေထိုင်သွားကြဖို့ မှားကြားလိုပါတယ်” ဟုပြောဆိုခဲ့သည်။
ချင်း-လူရှိုင်း-ကူကီး (Zofate) မျိုးနွယ်စုများ နေထိုင်ရာပတ်ပတ်လည်တွင် မိမိတို့ထက် ကြီးမားသောလူမျိုးများက ဝိုင်းထားသည့်အတွက် စည်းလုံးညီညွတ်မှုမရှိပါက လူမျိုးရေးအရဖြစ်စေ ဝါးမြိုခံရနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သတိချပ်ကြရန်လည်း မီဇိုရမ်လွှတ်တော်ဥက္ကဌက ပြောဆိုသည်။
ချင်း-လူရှိုင်းညီလာခံနှစ်ပတ်လည်အခမ်းအနားတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များက အချက် ၇ ချက်ပါဝင်သော သဘောတူညီချက်ကို ဆုံးဖြတ်ခဲ့ကြသည်။
ယင်းအချက် ၇ ချက်ထဲမှာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် နေထိုင်ကြသော ချင်း(ဇို) မျိုးနွယ်စုများသည် ဆင်း သက်လာတာ တူညီပြီး သွေးသားတော်စပ်သူ ခွဲခြား၍မရသော ညီရင်းအကိုများဖြစ်ကြကြောင်း၊ ဗြိတိသျှကိုလိုနီ အစိုးရ ၎င်းတို့အုပ်ချုပ်ရေးအဆင်ပြေစေရန် တကွဲတပြားဖြစ်စေရန်ပိုင်းခြားမှုကိုလက်မခံကြောင်း နှင့် အုပ်ချုပ်မှုတစ်ခု အောက်တွင် ပြန်လည်ပေါင်းစည်းနေထိုင်ရန် အတူတကွဆောင်ရွက်ရန်၊ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်ပြီး ချင်း(ဇို) မျိုးနွယ်စုများကို ပိုင်းခြားရန်လုပ်ဆောင်မှုကို ဆက်လက်ဆန့်ကျင်ရန်စသည့်အချက်များလည်းပါဝင်သည်။
ဗြိတိသျှကိုလိုနီအစိုးရသည် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉) ရက်နေ့တွင် သမိုင်းဝင် ချင်း–လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ Fort Williams တွင် ကျင်းပခဲ့ပြီး ၎င်းတို့၏ စစ်မျက်နှာ အသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများမှ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေး နယ်မြေ တစ်ခုတွင်ထားရှိရန်ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် ယနေ့ချိန်ထိအကောင်အထည်ဖော်ဆောင်ရွက်ခြင်းရှိမလာဘဲ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများသည် အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင် စစ်တကောင်းတောင်တန်းဒေသ စသည်ဖြင့် တကွဲတပြားစီ နေထိုင်ခဲ့ကြရခြင်းဖြစ်သည်။
Zo Reunification Organization(ZORO) အဖွဲ့သည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် တကွဲအပြားစီ နေထိုင်ကြသော ချင်း(ဇို) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်လာသည့်အဖွဲ့ဖြစ်ပြီး သမိုင်းဝင် ချင်း-လူရှိုင်းညီလာခံ နှစ်ပတ်လည်နေ့များကို လည်း နှစ်စဉ်နှစ်တိုင်း လေးလေးနက်နက်ကျင်းပလေ့ရှိကြသည်။

