(004SS)
အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ Florence မြို့တွင် နေအိမ်မှ ပျောက်ဆုံးသွားသည့် အသက် (၉) နှစ်အရွယ် အော်တစ်ဇင် ဝေဒနာရှင် ချင်းကလေးငယ် Jenny Dim သည် နေအိမ်မှ ပျောက်သွားပြီးနောက် ရေကန်တစ်ခုအတွင်း၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် သောကြာနေ့ မတ်လ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် သူမသည် နေအိမ်မှ တိတ်တဆိတ်ထွက်ခွါကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ကင်တပ်ကီပြည်နယ်ရဲတပ်ဖွဲ့ (KSP) က အရေးပေါ်သတိပေးချက် (IAN Alert) ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက တစ်နေကုန် တစ်ညလုံး လိုက်လံရှာဖွေခဲ့ကြသည်။
ထို့နောက် စနေနေ့ နေ့လယ် ၁၂ နာရီခန့်မှစ၍ ၎င်းတို့ နေအိမ်နှင့် တစ်ဖာလုံခန့်အကွာရှိ ရေကန်တွင် အာရုံစိုက်ရှာဖွေခဲ့ကြ ရာ ညနေ ၇ နာရီခွဲ ခန့်တွင် ရေနစ်လျက်သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
သူမသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဆီအာလမ်း(Sialam) ရွာသား ဦးဆန်အုပ်လျန်း၏ သမီးဖြစ်ပြီး မောင်နှမ ၃ ယောက်ထဲတွင် အလတ်ဖြစ်ကြောင်း သိရသည်။
Jenny Dim ၏ ရုပ်အလောင်းကို ခရစ်ယာန်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ လာမည့် မတ်လ ၂၁ ရက်နေ့တွင် သဂြိုဟ် သွား မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Port St. Lucie တွင် အော်တစ်ဇင်ရောဂါ ခံစားနေရသော အသက် ၅ နှစ်အရွယ် ချင်းကလေးငယ် Tg. Zam Kim Tuang သည် ရေနစ်သေဆုံး ခဲ့ကြောင်း သိရသည်။
ကလေးပျောက်ဆုံးကြောင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ရာ ကလေးသည် Southwest Crean Terrace ၏ 700 ဘလောက်ရှိ ၎င်း၏အိမ် ကားဂိုဒေါင်တံခါးမှ ထွက်ခွာသွားသည်ကို လုံခြုံရေးဗီဒီယိုဖိုင်ကနေတစ်ဆင့်သိရှိခဲ့ကြသည်။
ထို့နောက် ရဲတပ်ဖွဲ့က ဒရုန်း၊ K-9 ယူနစ်များနှင့် ကင်းလှည့်များကို အသုံးပြုကာ စတင်ရှာဖွေခဲ့ကြရာ ည ၉:၄၅ နာရီခန့်တွင် Southwest Juliet နှင့် Southwest Hampshire Lane လမ်းဆုံအနီးရှိ ရေပြင်တစ်ခုတွင် ကလေးငယ်ကို တွေ့ရှိခဲ့ကြ ကြောင်း သိရသည်။
၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသော်လည်း ည ၁၁ နာရီခန့်တွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း အမေရိကန်နိုင်ငံ Greenacres တွင် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွါးခဲ့ရာ အော်တစ်ဇင်ကလေးငယ်များ ရေနစ်သေဆုံးမှု ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ကြောင်း အမေရိကန်ရောက် ချင်းပြည်သူများထံမှ သိရသည်။
အော်တစ်ဇင်ဝေဒနာရှင် ကလေးငယ်များသည် ရေရှိရာနေရာများသို့ အလွန်အမင်း စိတ်ဝင်တစား သွားရောက်တတ်သည့် သဘောသဘာဝရှိသဖြင့် ယခုကဲ့သို့ ကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

