(006SV)
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူတရပ်လုံးက အမျိုးသားရေးအသိ၊ အမျိုးသာရေးတာဝန်ဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြပါရန် အထူးတိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာသည်။
ယနေ့ မတ်လ ၂၀ ရက်တွင် ကျရောက်သော ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းလူထုထံ ပန်ကြားလိုက်ခြင်းဖြစ်သည်။
ယနေ့သည် ချင်းတော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အင်အားကို ပိုမိုစုစည်းခိုင်မာအောင် တည်ဆောက်လျက် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမည့် အချိန်ကာလသို့ ရောက်ရှိနေပြီဟု CNF က အသိပေးထားသည်။
ပြည်တွင်းနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများအနေဖြင့် စစ်မြေပြင်တွင် နေ့နေ့ညည တိုက်ပွဲဝင်နေကြရသော တော်လှန်ရေး ရဲဘော်၊ ရဲမေများနှင့် အသက်နှင့် ခန္ဓာ ပေးလှူခဲ့သော အာဇာနည်များကို အောက်မေ့အမှတ်ရလျက် ဆင်နွှဲလျက်ရှိသော ပြည်သူ့တော် လှန်ရေး ပန်းတိုင်သို့ အမြန်ရောက်ရှိရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ကြရန်လည်း နှိုးဆော်ထားသည်။
အာဏာသိမ်းစစ်အုပ်စုသည် တရားမဝင် ရွေးကောက်ပွဲမှတဆင့် အတုအယောင် လွှတ်တော်နှင့် စစ်တပ်အခွံလဲ အစိုးရကို ဖွဲ့စည်းပြီး စစ်အုပ်စု အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပြည်သူနှင့် နိုင်ငံတကာကို လှည့်ဖျားကြိုးပမ်းနေသည်ကို အထူးသတိပြုမိရန်လည်း CNF က အသိပေးထားသည်။
ပြည်သူနှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် ရန်သူနှင့် မိတ်ဆွေတို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ညီညီညွတ်ညွတ်ဖြင့် လက်တွဲ တော်လှန်ကြရမည့် အချိန်အခါဖြစ်သည်ဟု ဆိုသည်။
ယနေ့ မတ်လ ၂၀ ရက်သည် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင် ရေးအတွက် အမျိုးသား လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်လာခဲ့သော ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ဖြစ်ကြောင်း သိရသည်။
၃၈ နှစ်တာ ချင်းတော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသော သူရဲကောင်းအာဇာနည်များနှင့် ကိုယ်အင်္ဂါ အစိတ်တပိုင်းကို ပေးလှူခဲ့သော ရဲဘော်ရဲမေများကို ဂုဏ်ပြုဦးညွတ် ဂါရဝပြုပါသည်ဟု ထုတ်ပြန်သည်။
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ဖေဖော်ဝါရီလ ၁၄ ရက်က ပြုလုပ်သော Defense Coordination Team (TDC) ၏ ပထမအကြိမ်အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီးသူများကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်များ စုဆောင်းသွားတော့မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

