မတူပီမြို့အနီးမှ ဖြတ်ကျော်နေသည့်အတွက် အညိုရောင်အဆင့် သတ်မှတ်ထား
(006SV)
အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လက်ရှိမှာ ချင်းပြည်နယ်ကို ဖြတ်ကျော်နေပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကို ဆက်လက်ဖြတ်ကျော်သွားမည်ဖြစ်ပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့မှာ မိုးကြီးနိုင်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ချင်းပြည်နယ်၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်လျက်ရှိသည်ဟု စစ်တပ်အစိုးရ၊ လက်အောက်ခံ မိုးဇလဌာနမှ ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲ တိုင်းထွာချက်များအရ ထုတ်ပြန်သည်။
လက်ရှိမှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မတူပီမြို့အနီးမှ ဖြတ်ကျော်နေပါသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်နယ်မှတဆင့် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မီဇိုးရမ်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းထားသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ အောက်တိုဘာလ ၁ ရက်အထိ ချင်း၊ ရခိုင်၊ ကချင်၊ နေပြည်တော်၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံအပြားနှင့် ကရင်နီ၊ ကရင်၊ ရှမ်း၊ မွန်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းနှင့် ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု သိရသည်။
ထို့အပြင် ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး စသည့် တိုင်းနှင့် ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။
အားကောင်းသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြတ်သန်းရာ ဒေသများ တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်ကိုလည်း အသိပေး နှိုးဆော်ထားသည်။
ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက်က မုတ္တမကွေး၊ မွန်- တနင်္သာရီကမ်းရိုးတန်းတို့တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မွန်၊ ရန်ကုန်တို့မှတစ်ဆင့် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ပဲခူး၊ မကွေး၊ မန္တလေးတို့ကို ဖြတ်ကျော်ပြီးနောက် ချင်းပြည်နယ်ကို အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နေခြင်းဖြစ်သည်။

