(002MG)
အိန္ဒိယ-မြန်မာနယ်စပ်၊ ကူကီးဒေသက စစ်ဘေးရှောင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော အခြေခံ စားနပ်ရိ က္ခာများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကူကီးဒေသ ကျေးရွာတစ်ရွာရှိ စစ်ဘေးရှောင် ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၄ ဦးအတွက် မီးဖွားရာတွင် လိုအပ်သည့် မွေးထုပ် ပစ္စည်းများ၊ တပိုင်တနိုင် စိုက်ပျိုး၍ရမည့် မျိုးစေ့များအား ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
“အခုက လူဦးရေအရ အမျိုးအစား (၃) မျိုးနဲ့ထောက်ပံ့ပါတယ်။ ပထမက ကိုယ်ဝန်ဆောင်မိခင် တွေအ တွက် မွေးထုပ်တွေ ကူညီပေးတာတွေလုပ်တယ်။ မိခင် (၁၄) ဦး၊ ၂ နှစ်အောက်ကလေးငယ်ရှိတဲ့ မိခင်နဲ့ မိသားစုဝင် အိမ်ခြေ (၂၇) အိမ်ကို ထောက်ပံ့နိုင်ခဲ့တယ်။ရွာထဲ ရှိတဲ့လူတွေထဲမှာ ခက်ခဲဒုက္ခ ရောက် နေတဲ့သူတွေကို ကျမတို့က ထောက်ပံ့ ပေးတယ်။ လူဦးရေအရ ၄၀၀ ဝန်းကျင်ကို ထောက်ပံ့တာပါ။” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်း အရုံးက တာဝန်ရှိသူ မ ဘွိုင်နူးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အပါအဝင် အိန္ဒိယ-မြန်မာနယ်စပ် တလျောက်တွင် စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်အချိန်ကာလကြာမြင့်လာသောကြောင့် အခြေခံစား နပ်ရိက္ခာများလိုအပ်မှု၊ ဆေးဝါးလိုအပ်ချက်များ လာသည်ဟု သိရသည်။
ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ် ၂,၀၀၀ ခုနှစ် စတင်ဖွဲ့စည်း ချိန်မှစပြီး ယနေ့ထိတိုင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကူကီးဒေသများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကူကီးဒေသအတွင်း စစ်ဘေး ဒဏ်သင့် ပြည်သူများအား တက်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိ သည့် အဖွဲ့အစည်းဖြစ်သည်။

