(005MK)
အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်သည် ဗဟိုအစိုးရ၏ စီမံကိန်းဖြစ်သောကြောင့် ပြည်နယ်အစိုးရအနေဖြင့် ဆန့်ကျင်ကန့်ကွက်နိုင်သော အခွင့်အာဏာမရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရကပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင်နယ်စပ်အရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရသဘောထားကို ထုတ်ပြောလာခြင်းဖြစ်သည်။
အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရသည် နဂိုရပ်တည် ချက်အတိုင်း ဆက်လက်ရပ်တည်ပြီး သို့သော်လည်း ဗဟိုအစိုးရစီမံကိန်းဖြစ်သောကြောင့် ပြည်နယ်အစိုးရက ဆန့်ကျင် ကန့်ကွက်နိုင်သည့် အခွင့်အာဏာမရှိဟု မီဇိုရမ်အစိုးရကပြောသည်။
ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်နေခြင်းဖြစ်ပြီး မီဇိုရမ် နှင့် ချင်းပြည်နယ် နယ်စပ်တချို့မှာ မြေပြင်ကွင်းဆင်းတိုင်းတာမှုများလည်းဆောင်ရွက်နေပြီ ဖြစ်သည်။
မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသော ဗဟိုမီဇိုးလူငယ်အသင်း CYMA၊ မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် ZORO အဖွဲ့များကတော့ ဆန့်ကျင်ကန့်ကွက်ထားကြသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ် လွှတ်တော်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ကြောင်း ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပသော လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာပင် ထိုကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အတည်ပြုထားကြပြီးဖြစ်သော်လည်း ဗဟိုအစိုးရ၏ စီမံကိန်းဖြစ်သည့်အတွက်ဟုဆိုကာ ပြည်နယ်အစိုးရတွင် ကန့်ကွက်နိုင်သော အခွင့်အာဏာမရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက လေသံပြောင်းပြောဆိုလာခြင်းဖြစ်သည်။

