(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ပေါ်သို့စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းမှ တပ်ကြပ်အဆင့်ရှိအရာရှိ (၁) ဦး အပါအဝင် ကောင်စီတပ်သား (၁၉) ဦးသည် မေလမှစတင်ကာ ဇူလိုင်လအထိ (၃) လအတွင်း အလင်းဝင်လာခဲ့ကြသည်ဟု ရိန်းဂျား ကလေးပြည်သူ့ကာကွယ်ရေးတပ်က သြဂုတ်လ (၆) ရက်က သတင်းထုတ်ပြန်သည်။
အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား (၁၈) ဦးမှာ အတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခံရသူများဖြစ်ကြပြီး ကျန် (၁) ဦးမှာ ဒုတပ်ကြပ်အဆင့်ရှိအရာရှိစစ်သည်ဖြစ်ကြောင်းသိရသည်။
၎င်းတို့သည် လက်နက်ငယ် (၃) လက် ၊ ကပစကျည် ၈၀၀ ၊ ကျည်ဘောက် ၂၀ ၊ လက်ပစ်ဗုံး (၈) လုံးတို့နှင့်အတူ အလင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
လက်နက်ငယ်များယူဆောင်လာခဲ့သည့် စစ်သည်များအား ဆုငွေသိန်း ၅၀ ပေးအပ်ခဲ့သည့်အပြင် ၎င်းတို့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊မိသားစုနှင့် အဆက်အသွယ်ရရှိရေးများ လုပ်ဆောင်ပေးထားကြောင်း ရိန်းဂျားက လေးပြည်သူ့ကာကွယ်ရေးတပ် သတင်းထုတ်ပြန်ထားပါသည် ။