ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့က ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇန္နဝါရီလ ၂၀ ရက် ယမန်နေ့ညက ဖမ်းဆီးခဲ့ပြီး ယနေ့မနက်တွင် ကတိခံဝန်ချက် လက်မှတ်ထိုးစေပြီး ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။
“မနေ့က ၃ နာရီလောက်မှာ စစ်သားတွေ အလုံးအရင်းနဲ့ ရောက်လာတယ်။ ညနေပိုင်းကနေ အပြင်ထွက်သမျှလူတွေကို ရိုက်နှက်ပြီးမှ ဖမ်းနေတာ။ ရဲစခန်းရောက်တာ ၄ ယောက်ပဲ။ ဒီမနက်ပဲ ၁၀ နာရီလောက်မှာ ၄ ယောက်စလုံးလွတ်ပြီ။ အာမခံချက်တွေ လက်မှတ်တွေထိုးတယ်။ သူတို့က ပြစ်မှုမကျူးလွန်ဘူး။ ခိုဘွေရပ်ကွက်ကတွေ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါဖမ်းဆီးခံရသူ ၄ ဦးမွာ အရှေ့ခိုဘွေရပ်ကွက်တွင် နေထိုင်ကြသည့် ဦးခင်မောင်၊ ဦးယောဘ၊ ဦးဆန်းအောင်နှင့် ဦးအောင်သူတို့ဖြစ်ကြပြီး ၎င်းတို့သည် အိိမ်ပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်ခြင်းကိုလည်း ခံရသည်ဟု သိရသည်။
ယခုလက်ရှိ မတူပီမြို့နယ်တွင် CDF ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ထောက်ပို့လုပ်သည်ဟု သံသယဖြင့် ဖမ်းဆီခံရသည့် ပြည်သူ ၁၉ ဦးရှိပြီး မတူပီ အချုပ်ခန်းတွင် ထားရှိသည်ဟုလည်း သိရသည်။
ဇန္နဝါရီလ ၂၀ ရက်နေ့က မင်းတပ်မြို့မှ စစ်ကောင်စီ စစ်ယာဉ်တန်း ၉၀ ကျော်သည် မတူပီမြို့သို့ ရောက်ရှိနေလာပြီး မြို့တွင်း စစ်တပ်အင်းအား တိုးချဲ့ထားသည့်အပြင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် သေနတ်ပစ်ဖောက်ခြင်းများကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။