Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းဒေသ ခုခံတော်လှန်စစ်ကို လေ့လာခြင်း

ချင်းဒေသ ခုခံတော်လှန်စစ်ကို လေ့လာခြင်း

0
By Editor on June 15, 2022 Featured

တောင်တန်းမြေပြန့်ဒေသအလိုက် အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်အရှိန် အပြင်းထန်ဆုံးဒေသအဖြစ် စစ်ကိုင်းတိုင်းပြီးလျှင် ချင်းဒေသသည် ဒုတိယမြောက် ခုခံတော်လှန်စစ်အရှိန် အပြင်းထန်ဆုံးဟု ဆိုရပါမည်။ BNI – Myanmar Peace Monitor ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ အချက်အလက်သင်ပုန်းတွင် ဖော် ပြထားချက်အရ ၂၀၂၂ ခုနှစ်‌ မေလ ၃၁ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း မြို့နယ်အလိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၁၁၈ ရက်အထိ ရှိခဲ့ပြီး အကြိမ်ရေအားဖြင့်မူ ယခုထက် ပိုမိုများပြားနိုင်ပါသည်။

တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များကို လေ့လာကြည့်ပါက မင်းတပ်မြို့နယ်အတွင်း ၂၈ ရက်အထိရှိကာ ခုခံတော်လှန်စစ်အရှိန် အမြင့်ဆုံးဒေသ ဖြစ်ခဲ့ပါသည်။ ထို့နောက်တွင်မှ ဟားခါးမြို့နယ်အတွင်း ၂၁ ရက်၊ မတူပီမြို့နယ်အတွင်း ၂၁ ရက်၊ ဖလမ်းမြို့နယ်အတွင်း ၁၅ ရက်၊ ကန်ပက်လက်မြို့နယ်အတွင်း ၁၄ ရက်နှင့် ထန်တလန်မြို့နယ်အတွင်း ၁၃ ရက်အဖြစ် တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ပါသည်။ ထို့နောက် တီးတိန်၊ ပလက်ဝနှင့် တွန်းဇံမြို့နယ်များအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေခဲ့သည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အားဖြင့် (၉) မြို့နယ်သာ ရှိနေသော်လည်း စစ်အာဏာသိမ်းကာလအတွင်း ထွက်ပေါ်လာသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀ ကျော်အထိ ရှိနေသည်ကို တွေ့ရပါသည်။ ၂၀၂၂ ခုနှစ် မေလကုန်အထိ စုဆောင်းထားသော မှတ်တမ်းများကို အခြေခံပြုလုပ်ထားသည့် BNI – Myanmar Peace Monitor ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မြေပုံသင်ပုန်းအရ မင်းတပ်၊ ဟားခါး၊ ထန်တလန်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက် လက်၊ ဖလမ်း၊ တီးတိန် စသော မြို့နယ်များကို အခြေခံဖွဲ့စည်းထားသည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ၊ CNO/CNDF ၊ PDF-Zoland ၊ Civic Defense Militia (CDM -Siyin)၊ CDF- Zotung၊ CDF Zannitram၊ CDF – KKG ၊ CDF – Dai၊ CDF-Mara (ချင်းပြည်သူ့ကာကွယ်ရေးတပ်-မရာ)၊ CDF-Hualngoram စသော လူမျိုးနှင့် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များကို မြင်တွေ့ရပါသည်။

ထို့အပြင် အထက်ပါမြို့နယ်၊ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့ပေါင်း (၁၇) ဖွဲ့ကို စုစည်းကာ ချင်းဒေသ ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းထားနိုင်ခဲ့ပါသည်။ အဆိုပါ CJDC တွင် ချင်းပြည်နယ်အတွင်း မူလကတည်းက အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်လျက်ရှိပြီး တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) လည်း ဦးစီးဦးဆောင်ပြုကာ ပါဝင်နေသည်ကို တွေ့ရပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်‌ရေး၊ ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် စစ်ရေးဆိုင်ရာကိစ္စရပ်များကို အချိတ်အဆက်ရှိရှိ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် CJDC ကို စုစည်းထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် မင်းတပ် (CDF)၊ ကန်ပက်လက် (CDF)၊ CNO (ဖလမ်း-ကလေး-ကဘော်) နှင့် ZFU (တီးတိန်၊ တွန်းဇံ၊ ကလေး) တို့အကြားတွင်လည်း မဟာမိတ်ပြုလုပ်ကြောင်း ၂၀၂၁ခုနှစ် သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားပါသည်။

ချင်းဒေသအတွင်း အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲရာတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်လှုပ်ရှားများ အားကောင်းသည်ဟုဆိုနိုင်သော်လည်း ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွား၊ အဖွဲ့အစည်းအရ အကျိုးစီးပွားနှင့် မျိုးနွှယ်စုအလိုက် အကျိုးစီးပွားကွဲပြားမှုအချို့ ရှိနေသည်ကို သတိပြုဖွယ်တွေ့ရှိရပါသည်။

တီးတိန်မြို့မှ မိုင် ၃၀ ခန့်ဝေးသည့် အိန္ဒိယ-မြန်မာနယ်စပ် Gawsing ရွာတွင် ဇိုမီးတော်လှန်ရေးတပ် (ZRA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CAN) အကြား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ZRA သည် ၂၀၂၁ ခုနှစ် မေ ၂၂ ရက်တွင်လည်း တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင်လည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ကာ သေနတ်၊ ရိက္ခာ၊ ‌ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းစုစုပေါင်း တန်ဖိုး ကျပ်သိန်း ၆၀ ကျော်ကို ဖျက်ဆီးခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲတွင်ပင် တီးတိန်မြို့နယ် အခြေစိုက် CDF-Hualngo တပ်စခန်းကို ZRA ဝင်ရောက်စင်းခဲ့ပြန် သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင်တော့ PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်းဆွမ်ကို တီးတိန်မြို့တွင် ZRA က ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

ထို့ကြောင့် CNF/CNA အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDC က ZRA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Zomi Revolution Organization/ Zomi Revolution Army (Eastern Command) သည် CJDC အဖွဲ့ဝင်၊ အဖွဲ့အစည်းများနှင့် ချင်းပြည်သူများအပေါ် တိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ြင်းများကို ကျူးလွန်ခဲ့သည့်အပြင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အထောက်အထားများ ခိုင်လုံစွာ ရရှိထား သည့်အတွက် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များရှိ ပြည်သူလူထုကို လုံးဝကိုယ်စားပြုခြင်း မရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

(စကားချပ်။ ဇိုမီးတော်လှန်ရေးတပ် ZRA သည် ၁၉၉၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၂၀၀၅ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရနှင့် သဘောတူစာချုပ်ချုပ်ဆိုကာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အခြေစိုက်သည့် တပ်ဖွဲ့ဖြစ်သည်)

ဆိုရသော် ချင်းဒေသသည် ရာနှင့်ချီသော မျိုးနွှယ်စု၊ ဆယ်နှင့်ချီသော လူမျိုးစုများ မှီတင်းနေထိုင်ရာ ဒေသဖြစ်သည့်နှင့်အညီ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများသည်လည်း ကျယ်ပြောများပြားလှပါသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဆိုလျှင်လည်း စစ်အာဏာသိမ်းကာလအတွင်း၌ပင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားမှု ၂ ရက်ရှိခဲ့ပြီး ULA/AA လှုပ်ရှားရာဒေသအဖြစ် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်း စစ်ရေးပဋိပက္ခမှတ်တမ်းများတွင် ထင်ရှားစွာ မြင်တွေ့ရပါသည်။ ယခုအခါ ချင်းဒေသကာကွယ်ရေးတပ် (CDF-ပလက်ဝ) လည်း ထပ်မံဖြစ်တည် ပေါက်ဖွားလာခဲ့သည့်အတွက် မတူညီသော အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို သတိချပ်ကိုင်တွယ်ရန် လိုအပ်နေပါသည်။

ချင်းပြည်နယ်၊ ချင်းဒေသအတွင်းရှိ အရောင်အသွေးစုံလင်များပြားလှသော နွေဦးတော်လှန်ရေးပွင့်ချပ်ပွင့်ဖက်များသည် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်ပွင့်လန်းနေပါသည်။ နိုင်ငံရေးအရ အခန်းကဏ္ဍကို ရှုကြည့်လျှင်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးတာဝန်များတွင် ချင်းတိုင်းရင်းသားခေါင်းဆောင်တစ်ချို့ကို မြင်တွေ့ရသကဲ့သို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အနေဖြင့် ချင်းပြည်၊ ချင်းလူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရပါသည်။

အချုပ်အားဖြင့်ဆိုရသော် နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲနေသည့် အရှိန်အဟုန်သည် အားရကျေနပ်ဖွယ်ကောင်းလှသော်လည်း အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်လှုပ်ရှားမှုများသည် ချင်းဒေသတစ်ခုလုံးအား အာဏာသိမ်းစစ်အုပ်စုလက်အောက်မှ လွတ်မြောက်နယ်မြေအဖြစ် ကြွေးကြော်နိုင်ရန်အတွက်မူ အချိန်ကာလတစ်ခု စောင့်စားရနိုင်ချေ ရှိနေပါသည်။

ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွား၊ မျိုးနွှယ်စုအလိုက် အကျိုးစီးပွားများကို ခဝါချနိုင်ခဲ့လင့်ကစား အာဏာသိမ်းစစ်အုပ်စု၏ စစ်ရေးအရ လက်နက်အင်အား အလွန်အကျွံအသုံးပြုခြင်း (အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ) အပြင် ဒေသခံပြည်သူလူထုအပေါ် အကြမ်းဖက်ဖိအားပေးလုပ်ဆောင်ခြင်း (အထူးသဖြင့် အရပ်သားပိုင်နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း) စသည့် လုပ်ငန်းများကို ဥပဒေမဲ့စွာ ပြုမူကျူးလွန်လျက်ရှိသည့်အတွက် ချင်းဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် ရှေ့တိုးနောက်ဆုတ် အချိတ်အဆက်မိစွာဖြင့် အရွေ့တစ်ခုကို စီမံလှုပ်ရှားနေရသည်ဟု ဆိုရပါမည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးအတွက် ဦးတည်နေကြသော ချင်းဒေသတွင်း နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ ရင်းနှီးပေးဆပ်ခဲ့ရသော အသက်များ၊ ဘဝများ၊ နေအိမ်အဆောက်အဦးနှင့် အိုးအိမ်စည်းစိမ်များသည် ပမာဏာကြီးမားခဲ့ပြီဖြစ်သည်။ ချင်းဒေသ၏ ဘာသာရေးအရဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုအရဖြစ်စေ အလှတရားတို့သည် အာဏာသိမ်းစစ်အုပ်စု၏ ချေမွှဖျက်ဆီးမှုများအောက်တွင် ပျက်သုဉ်းခဲ့ရပြီဖြစ်သည်။ ချင်းဒေသ၏ အလှတရားများစွာ ပေါင်းစုရာ ထန်တလန်မြို့သည် ယခုအခါ အာဏာသိမ်းစစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မြို့ပျက်ကြီးအသွင် ရောက်ရှိသွားခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် ချင်းဒေသ၊ ချင်းလူမျိုးများ၏ အလှတရားကိုယ်စီကို အနာဂတ်နိုင်ငံတော်သစ်နှင့်အတူ ပြန်လည်ဖော်ထုတ် ထုဆစ်နိုင်ရေးသည် ချင်းဒေသတွင်း ခုခံတော်လှန်စစ်အပေါ်တွင် များစွာမှီတည်နေကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

နွေမိုးဆောင်း – ရေးသားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.