(006SV)
လာမည့်နှစ် ဧပြီလ ၄ ရက်မှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း နှင့် တွန်းဇံမြို့နယ်မှ မဲဆန္ဒနယ် ၅ နေရာအပါအဝင် လွှတ်တော် သုံးရပ်ပေါင်း၏ လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
လွှတ်တော်သုံးရပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲများကို မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၅ နေရာမှာနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် အတွက် ၁၆ နေရာဖြစ်သည်ဟု နိုဝင်ဘာလ ၅ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ချင်းပြည်နယ်မှာ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် တွန်းဇံနှင့် ဖလမ်းမြို့နယ်၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် အမှတ် ၃ တို့မှာ ကျင်းပသွားမည်ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို စစ်တပ်အစိုးရအဖွဲ့အတွင်း ရောက်ရှိသွားသောကြောင့် လစ်လပ်သွားသော မဲဆန္ဒနယ်မြေနှင့် လုံခြုံရေးအခြေအနေကြောင့် ၂၀၂၅ ရွေးကောက်ပွဲများမှာ မကျင်းပနိုင်ခဲ့သော ဒေသများ ပါဝင်ပြီး မြို့နယ်ပေါင်း ၃၄ ခုမှာ မဲဆန္ဒနယ် ၅၅ နေရာအတွက် ကျင်းပသွားမည်ဖြစ်သည်။
ချင်း၊ ကချင်၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ်တို့ရှိ လစ်လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပသွားမည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် တွန်ဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ မြိတ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ မြို့သစ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ချောက်၊ မင်းဘူး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်၊ ကျိုက်မရော၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကျောက်မဲ၊ မိုင်းဖြတ်၊ မိုင်းပန်၊ မအူပင်၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ဥတ္တရသီရိတို့မှာ ကျင်းပမည်ဖြစ်သည်။
အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၅၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ နှင့် ၅၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ တို့တွင် ကျင်းပမည်ဟု သိရသည်။
တိုင်းနှင့် ပြည်နယ်လွှတ်တော်အတွက် တွန်ဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ရွှေဘို၊ ဇီးကုန်း၊ သဲကုန်း၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်နှင့် ရေကြည် စသည့် မြို့နယ်များမှာ ကျင်းပသွားမည်ဟု သိရသည်။

