ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၈ ရက်နေ့ကစ၍ တောက်လျှောက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးမှုရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
အင်အား ၂၀၀ ခန့်ပါဝင်ပြီး စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၈ ရက်နေ့ကစ၍ လမ်းခရီးတလျှောက်တွင် တိုက်မိုင်းများအပါအဝင် ချုံခိုတိုက်ခိုက်ခဲ့ကြပြီး ယမန်နေ့ ဇူလိုင် ၁၁ ရက်အထိ စစ်ကောင်စီဘက်က ၆၀ ကျော်သေဆုံးကာ ပူးပေါင်းကာကွယ်ရေးဘက်မှ တစ်ယောက်ကျဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။
“သူတို့ဘက်က ဒဏ်ရာရတဲ့အခြေအနေ အသေးစိတ်တော့ မသိဘူး ဒါပေမယ့် အဲဒီ ၅ ရက်လုံးလုံးမှာတော့ ၆၃ လောက် ကျတယ်လို့ အတည်ပြုလို့ရတယ်၊ ကျနော်တို့ဘက်ကတော့ တစ်ယောက် အသက်ပေးလှူသွားတာပေါ့နော် ၁၀ ယောက်လောက်က ဒဏ်ရာရတယ် ဒဏ်ရာကတော့ မများပါဘူး နှစ်ယောက်သုံးယောက်လောက်ပဲ နည်းနည်းများတာပေါ့ တစ်ယောက်ကတော့ မနေ့က ကျသွားတယ် ဒီနေ့ထိတော့ တိုက်ပွဲကမပြီးသေးဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသွားသည့်ရဲဘော်မှာ CDF-Matupi တပ်ဖွဲ့က ဆလိုင်းအာလောင်ဖြစ်ပြီး မနေ့ကဖြစ်ပွားသော ဖလမ်း-ဟားခါးကြား ရမ်ထလိုကျေးရွာအနီးတိုက်ပွဲတွင် ကျဆုံးသွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ဖလမ်း-ဟားခါးလမ်းမပေါ်က တာလ်၊ တလန်ဇာ၊ ရမ်ထလို စသည့်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပေါင်း အနည်းဆုံး ၈ ကြိမ် ဖြစ်ပွားခဲ့ကြပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က တိုက်မိုင်းနှင့် ဒုန်းဖြင့် ၄ ကြိမ်ခန့် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
“သူတို့လာနေကျ လမ်းနေရာကနေ ကျနော်တို့ဘက်ကတော့ အင်အားဖြည့်ပြီးတော့ ရတဲ့နေရာကနေ ပျေက်ကြားပုံစံနဲ့ နေရာယူထားကြတယ်၊ သူတို့က ရွာထဲဝင်ပြီဆိုရင်တော့ ချင်းတွေက ရွာထဲမှာတော့ မပစ်ဘူးဆိုပြီး အဲဒီလိုတွက်ထားတယ် မီးရှိုပြီးသားရွာကို ဝင်ပြီးတော့ ညှက်တိုက်တယ်၊ပြီးတော့ ဒုန်းနဲ့လည်းချတယ် တိုက်မိုင်းတွေနဲ့လည်းတိုက်တယ် အဲဒါ ထိခိုက်မှုက ပိုများတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က ရမ်ထလိုကျေးရွာမှ ဒုတ်ထက်ကျေးရွာဘက်သို့ ဆက်လက်ချီတက်ရာ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရမ်ထလိုကျေးရွာသို့ ပြန်လှည့်ခဲ့ကြရသည်။
စစ်ကောင်စီတပ်သည် မော်တော်ယာဉ် ၂၇ စီးဖြင့် တက်လာသော်လည်း လေးစီးတွင် ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်ကာ အယောက် ၄၀ ခန့်မှာ ယာဉ်တန်းရှေ့တွင် ရှေ့ပြေးအနေဖြင့် ချီတက်ခဲ့ကြပြီး ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တာလ်ကျေးရွာနှင့် တလန်ဇာကျေးရွာက လူနေအိမ်ခြေ ၃၅ လုံးခန့်ကိုလည်း မီးရှို့ခဲ့ကြသည်။
ယခုဖလမ်း-ဟားခါးကြား တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA နှင့်အတူ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။