ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ရဲစခန်းအောက်ဘက်ရှိ ပြည်နယ်စာရင်းစစ်ရုံး မီးလောင်မှုဖြစ်ပွားပြီး ရုံးအဆောက်အဦးတခုလုံး ပျက်ဆီးသွားခဲ့တယ်လို့ ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၂၂ ရက် ၁၁ နာရီဝန်းကျင်မှာ မီးစလောင်တာဖြစ်ပြီး ယမန်နေ့ မနက် ၂ နာရီခန့်တွင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ရုံးအသုံးအဆောင်ပစ္စည်းတွေအားလုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အခု မီးလောင်တဲ့ရုံးက တိုက်အိမ်နှစ်ထပ်ပေါ့နော်၊ အဲ့ဒီရုံးဘေးမှာဘဲ ဝန်ထမ်းအိမ်ရာရှိတာပေါ့။ အဲဒီဝန်ထမ်းအိမ်ရာကတော့ ဘာမှ မဖြစ်ဘူးထင်တယ် ဒါပေမဲ့ အဲရုံးနှစ်ထပ်အိမ်ကတော့ ခေါင်မိုးထက်ထိ မီးလျှံနေတာ ပြီးတော့ သေနတ်သံ သုံးချက်လောက်ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ မီးလောင်မှုမှာ မီးပုလင်းတွေ ပစ်ပေါက်ရှို့သွားတာဖြစ်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒါဏ်ရာရရှိသူ မရှိဘူးလို့ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းရှိ စုပေါင်းရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၆ ခု မီးလောင်ခဲ့ပြီး ထိုနည်းတူ ချင်းပြည်နယ် တီးတိန်မြို့တွင်လည်း လဝကရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၄ လုံး မီးလောင်ကျွမ်းခဲ့ပါသည်။