Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တော်လှန်စစ်တမ်း

တော်လှန်စစ်တမ်း

0
By Editor on February 19, 2023 Featured

ရေး – ဆလိုင်းယောမာန်

(၁) တော်လှန်ရေး (၂) နှစ်ပြည့်တော့မယ်။ စကစနဲ့ ERO, CDF, PDF တွေလည်း အချင်းချင်း တီးမိခေါက်မိ ရှိကြပြီ။ တော်လှန်ရေး အင်အားစု အကုန်လုံးကလည်း မအလနဲ့ စကစကို ၂၀၂၃ မှာ အပြီးဖြိုမယ်လို့ ကြုံးဝါးထားကြတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက် စကစဟာ မင်းတပ်ကို တိုက်ပွဲမရှိဘဲ လေယာဉ်ဗုံးကြဲ၊ ဟောင်ဝစ်ဇာတွေနဲ့ ကျေးရွာတွေဆီ ပစ်ခတ်လာတယ်။

စွန်တောင်ရွာနားက နေအိမ်တွေကို ၂၁.၁. ၂၀၂၃ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင် ဗုံးကြဲတယ်။ သူတို့အပိုင်တွက်ထားတယ်။ ဒဏ်ရာရသူများမယ်၊ သေဆုံးသူတွေ ရှိမယ်ပေါ့။ ၂၂ ရက်နေ့မနက်ကျတော့ ဝမ္မသူးတိုက်နယ်ဆေးရုံကို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ စကစ လူယုတ်မာတွေ ဆေးရုံဆိုတာ၊ အပြစ်မဲ့ပြည်သူထိခိုက်မယ်ဆိုတာ မကြည့်တော့ဘူး။ ဒဏ်ရာရသူတွေကို ဆေးကုပေးနေကြမှာဆိုပြီး ရွာထဲကတိုက်နယ်ဆေးရုံကို ဦးတည်ပြီး လက်နက်ကြီး ပစ်ကြတာ။

၂၃ ရက်နေ့ကျတော့ စစ်ရှောင်တွေကူညီပေးနေတဲ့ IDP အဖွဲ့သားတွေ စုဝေးရာ ပလိပ်ထွီ ဘုန်းကြီးကျောင်းကို ဆက်လက်ပြီး လေယဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှု လုပ်ပြန်တယ်။

၂၀၂၃ ဇန်နဝါရီလအတွင်းမှာတင် (၇၊ ၈၊ ၂၁၊ ၂၃) ၄ ရက်အတွင်း ဗုံးကြဲမှု (၈) ကြိမ် လုပ်ခဲ့တယ်။ သေဆုံးသူ မရှိခဲ့ဘူး။ ထိခိုက် ဒဏ်ရာရသူ၊ နေအိမ်အချို့ပျက်စီးတာပဲ ရှိတယ်။ စကစရဲ့ အကြံယုတ် ကုန်ကျစရိတ်နဲ့တွက်ရင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး ပြောရမယ်။

စကစတပ်ဟာ ဗုံးမကြဲခင်ကတည်းက ကင်းထောက်တာ ကောင်းကောင်းလုပ်တယ်။ မင်းတပ်မြို့နယ်က အဆောက်အဦး၊ ကျေးရွာ၊ ကျောင်း စသည်ဖြင့် သူတို့မှာ အချက်အလက်တွေရှိပြီးသား။ အကုန်လုံးကို ဒရုန်းနဲ့ ဂြိုဟ်တုနဲ့ အကုန်ကြည့်ပြီး၊ ကင်းထောက်ပြီးသားပဲ။ စကစတပ်က ဗုံးကြဲတာဟာ အဆောက်အဦ၊ လူစုလူဝေးတွေကို ချိန်လေ့ရှိတယ်ဆိုတာကို သတိပြုမိတယ်။

စွန်တောင်ရွာနားကို ဗုံးကြဲတာမှာဆို ညနက်အမှောင်ချိန်ဖြစ်ပေမဲ့ အဆောက်အဦတွေအပေါ် တိတိကျကျ ကြဲနိုင်တာ တွေ့ရတယ်။ IDPအဖွဲ့ရှိတဲ့ ဘုန်းကြီးကျောင်းဝင်းကို ကြဲတာကျတော့.. ဝင်းထဲမှာ (ဝမ္မသူးကို လက်နက်ကြီးနဲ့ပစ် IDP အဖွဲ့ဆီရှောင်နေကြတဲ့) ကားတွေ၊ ဆိုင်ကယ်တွေ အစုလိုက်ရပ်ထားပြီး လူစုလူဝေးရှိနေတာကိုတွေ့လို့ ဗုံးကြဲတာလို့ ယူဆတယ်။

ဆိုတော့ ခုချိန် မင်းတပ်နယ်ဘက်တွေမှာ လူစုလူဝေးတွေကို ရှောင်သင့်တယ်၊ ကားတွေ.. အထူးသဖြင့် ဆိုင်ကယ်တွေကို များများစားစား စုပြုံပြီးရပ်ထားတာမျိုးကိုလည်း ရှောင်သင့်တယ်။ ဒါပေမဲ့ တိုက်ပွဲမရှိ‌ဘဲနဲ့ အကြမ်းဖက် စကစဟာ ဘာလို့ မင်းတပ်ကို ရက်ဆက် လေယာဉ်နဲ့ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြို့ပေါ်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်နေတာလဲဘာလို့ အခုကျမှ မင်းတပ်ကို တရစပ် ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်လာတာလဲ။ စကစက ဘာကိုကြောက်နေ တာလဲ။ ဘယ်လို လက်ဦးမှုတွေ ယူချင်နေတာလဲ..

(၂) CDF-MINDAT ဟာ ၂၀၂၁ ဧပြီလမှာ လက်နက်ကိုင်တိုက်ပွဲစဆင်နွှဲလာကတည်းက တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ခဲ့တယ်။ ၂၀၂၁ -၂၂ ခုနှစ် (၂) နှစ်တာအတွင်းမှာ တိုက်ပွဲပေါင်း ၁၈၀ ကျော် ရှိခဲ့တယ်။ CDF-MINDAT ဘက်က အကျဆုံးတွေရှိခဲ့သလို စကစဘက်ကလည်း ထိခိုက်ကျဆုံးများခဲ့တာပဲ။

CDF-MINDAT ဟာ လက်စွာခဲ့တယ်။ CDF-MINDAT ရဲ့ ကနဦးတိုက်ပွဲတွေ အောင်မြင်ရခြင်းဟာ လူငယ်ရဲဘော်တွေရဲ့ သတ္တိ၊ ဗျတ္တိဆိုတာထက် စကစတပ်က လူငယ်တွေကို အထင်သေးတာ ပိုများလို့ပါ။ စကစတပ်လည်း ခံရတာများလာတော့ CDF-MINDAT ကို တူမီးကိုင်ပြီး မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ လူငယ်တစ်စုလို့ မသတ်မှတ်တော့ဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုလို အလေးထားလာတော့ နောက်ပိုင်းတိုက်ပွဲတွေဟာ ကာကွယ်ရေးလူငယ်တွေအတွက် ပိုခက်ခဲလာခဲ့တယ်။

၂၀၂၁ ခုနှစ် တစ်ခုလုံးလည်း CDF-MINDAT ဟာ စကစ စစ်ကြောင်း၊ တိုက်ပွဲတွေနဲ့ပဲ နှစ်ပါးသွားနေခဲ့တော့ တပ်ရင်းတပ်ဖွဲ့ကို စနစ်တကျစုစည်းချိန်မရခဲ့ဘူး။

လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပေမဲ့ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ အမိန့်အာဏာစီးဆင်းမှုကို အရင်မတည်ဆောက်နိုင်ခင် တိုက်ပွဲတွေနဲ့ပဲ လုံးပန်းနေတော့ အချိန်ကြာလာတာနဲ့အမျှ ခက်ခဲလာတယ်။ စကစဟာ တော်လှန်ရေးကို နည်း (၂) မျိုးနဲ့ သတ်တယ်။ အင် အားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ပွဲဆင်ပြီး တော်လှန်ရေးကိုသတ်တယ်။ အခုမှ ရှိလာတဲ့ CDF, PDF တွေ ကိုတော့ အချိန်ဆွဲသတ်တယ်။ လက်နက်ကိုင်အစုအဖွဲ့တစ်ခုဆိုတာ လွယ်တာမှ မဟုတ်တာကိုး။ ပြီးတော့ အခုမှ ကသောင်း ကနင်းစတင် စုဖွဲ့ကြတယ်၊ ကိုင်ထားတာက လူသတ်လက်နက်တွေ၊ ကိုင်တဲ့လူတွေက ဟော်မုန်းများနေသေးတဲ့ သွေးဆူ လွယ်တဲ့ လူငယ်တွေ။ သူငယ်ချင်းရဲဘော်တွေ ထိခိုက်ကျဆုံးတာ၊ အထောက်အပံ့ချို့တဲ့တာ၊ စိတ်ပင်ပန်း ကိုယ်ပင်ပန်း လာတာ၊ ရည်မှန်းချက်တွေ ဝေဝါးသလိုဖြစ်လာတာ၊ တပ်ရင်းတပ်ဖွဲ့အတွင်းမှာလည်း အမိန့်အာဏာ စီးဆင်းမှုမရှိတော့ သူတလို ငါတမင်းနဲ့ စိတ်ညစ်စရာတွေဖြစ်ပြီး တော်လှန်ရေးကို စိတ်ပျက်လာဖို့ ဆိုတာတွေဟာ စကစက တော်လှန်ရေးကို ရေရှည်အချိန်ဆွဲ သင်းသတ်တဲ့ဗျူဟာပါ။

CDF-MINDAT ဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း စကစ စစ်ကြောင်းနည်းလာလို့ နယ်မြေတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး တပ်ရင်းတပ်ဖွဲ့ကို ပြန်ကျစ်ဖို့၊ စနစ်ကျဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနဲ့တူအောင်လုပ်ဖို့ အလေးပေးလုပ်ဆောင်လာတယ်။ ၂၀၂၃ ဟာ တိုက်ပွဲတွေ ပြင်းထန်လာမဲ့နှစ်၊ ထိုးစစ်ပြန်ဆင်ရမဲ့နှစ်၊ CDF-MINDAT ဟာ မအလနဲ့ စကစ ပြုတ်ကျသွားဖို့ တင်မကဘဲ တော်လှန်ရေးအလွန်အတွက်ပါ ကြိုတွေးဆပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တယ်။ ၂၀၂၂ ဒီဇင်ဘာ (၃၁) ကနေ ဇန်နဝါရီ (၆) ရက်အထိ (၇) ရက်တာ တံခါးပိတ် ကာကွယ်ရေးညီလာခံပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဥပဒေကို အတည်ပြု၊ ကော်မတီဝင်တွေ အသစ်ပြန်လည်ရွေးချယ်၊ ခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်နိုင်ခဲ့ကြတယ်။ ဒါဟာ အစကောင်းခဲ့တဲ့ CDF-MINDAT အတွက် အနှောင်းသေချာဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်။

တဆက်တည်းမှာပဲ ရဲဘော်တွေ ရာနဲ့ချီပြီး သင်တန်းဆင်းလာတယ်။ အရင်သင်တန်းတွေနဲ့မတူဘဲ သင်ကြားမှု၊ လေ့ကျင်မှု၊ စည်းကမ်း၊ ကျင့်ဝတ်၊ စုဖွဲ့မှုတွေကို အချိန်တော်တော်ယူပြီး ပြည်သူလူထုအားကိုးရတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာဖို့ အစပျိုးလာတာဖြစ်တယ်။ CDF-MINDAT က အခုလို ကျိတ်ကြိုးစားတည်‌ဆောက်နေတာကို ပြည်တွင်း၊ ပြည်ပ၊ မဟာမိတ် တွေကလည်း ဝိုင်းကူကြတယ်။ အခုလိုသတင်းတွေ ထွက်လာတဲ့နောက်ပိုင်း စကစဟာလည်း အငြိမ်မနေဘဲ ကြိုတင်လက်ဦး မှုယူဖို့ကြိုးစားပြီး လေယာဉ်တွေဆက်တိုက်သုံးပြီး ဦးချိုးဖို့ကြိုးစားလာတယ်။

မင်းတပ်ဟာ စနစ်ကျတဲ့စုဖွဲ့မှုအတူ အင်အားကြီးလာမှာကို စကစက တားဆီးချင်နေတယ်။ မင်းတပ်ဟာ တော်လှန်ရေး အစပြုချိန် ဘာမှမဟုတ်တဲ့စုဖွဲ့မှုကတည်းကစလို့ စကစအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တယ်။ မင်းတပ်က တင်းခံပြီးတိုက်ပွဲ‌‌ ဝင်ခဲ့လို့ တခြား PDF, CDF တွေအတွက် ပြင်ဆင်စရာ၊ သင်ခန်းစာယူစရာအချိန်တွေ ရခဲ့တယ်။ စကစကလည်း မင်းတပ်ကို စံပြအဖြစ် နှိမ်နင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဖြတ် (၄) ဖြတ်လုပ်တယ်၊ အရင့်အမာ ERO တွေကိုတိုက်ခိုက်သလိုမျိုး လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင် (၂) ရက်နေ့မှာ ချပ်ရွာကို ဗုံးကြဲတာကစလို့၊ ၂၀.၉.၂၀၂၂ ရက် (အင်္ဂါနေ့)၊ ၂၀၂၃ ဇန်နဝါရီ (၇၊ ၈၊ ၂၁၊ ၂၃) စသည်ဖြင့် လေယာဉ်တွေဆက်တိုက်သုံး‌ ဗုံးကြဲလာတယ်။

“မင်းတပ်ကတော့ အံကိုခဲ ပန်းပန်လျက်ပဲ”

သူတို့သာ ကုန်ကျစရိတ်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်နေတာ။ တော်‌လှန်ရေး အောင်ရမှာမို့ပဲ ခုလိုအကြိမ်ကြိမ်ဗုံးကြဲတဲ့ကြားက မင်းတပ်ဟာ အထိခိုက်နည်းတာလို့ ကျနော်ကတော့ လက်ခံထားတာပဲ။

(၃) ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-MINDAT) ရဲ့ အထွေထွေညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီက တံခါးပိတ် ကျင်းပတာ (၇) ရက်ကြာ တယ်။ မနက်၊ နေ့လည်၊ ည ဆက်တိုက်လုပ်ကြတာ။ တပ်မဟာမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ကော်မတီဝင်ဟောင်း နဲ့ တခြားပါဝင်သူတွေ အကုန်လုံး အယောက် (၇၀) ဝန်းကျင် တက်ရောက်ကြတယ်။ အားလုံးကလည်း ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ညီလာခံကျင်းပဖို့လိုအပ်နေပြီဆိုတာ နားလည်ကြတယ်။

လက်နက်ကိုင်တော်လှန်ရေးကလည်း (၂) နှစ် စွန်းလာပြီ။ တိုက်ပွဲတွေကဆက်၊ ချို့တဲ့ဆင်းရဲမှု‌တွေ၊ နားလည်မှုလွဲတာတွေ၊ ဆက်သွယ်ချိတ်ဆက်မှုအခက်အခဲတွေ၊ တိုက်ပွဲကျရဲဘော်ရဲဘက်တွေ၊ တပ်ရင်းတွင်း အမိန့်နာခံ စုစည်းကျစ်လစ်ဖို့ ခက်ခဲ တာတွေ.. စတဲ့အရာအားလုံးကို ရသမျှ တင်းခံပြီးရှေ့ဆက်လာခဲ့ရတာဆိုတော့ အားလုံးမှာက ရင်ထဲ ပြောစရာတွေအပြည့်နဲ့။

အစည်းအဝေးတိုင်းမှာ အားလုံးဟာ ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာကိုယ်စီနဲ့ ဆတ်ဆတ်ထိမခံ ဖြစ်လေ့ရှိတယ်။ တော်တော်လည်း ပင်ပန်းနေကြပြီဆိုတော့ ခုလို လူအားလုံးစုံတဲ့အချိန်ဆို ပိုဆိုးတာပေါ့။ ညီလာခံကလည်း (၇) ရက်ဆက်တိုက် ပဝါမကူ ရေမရှူတမ်း ထိုင်ရတာ။ (၅) ရက်မြောက်လည်းရောက်ရော.. တပ်ရင်းမှူးတစ်ယောက်ကညည်းတယ် “ညီလာခံကလည်း ရှေ့တန်းသွားရတာထက် ပိုပင်ပန်းတယ်ဟ” တဲ့။ နှလုံးရည်တိုက်ပွဲတွေက လက်ရုံးရည်တိုက်ပွဲတွေထက် အမြဲတမ်း ပိုပင်ပန်း၊ ပိုခက်ခဲတာပဲလေ။

ကိုယ်ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးလို့သာ တက်ရတယ် သွားရမှာတော့ ခပ်လေးလေးပဲ။ လက်နက် ကိုင်တွေပြေပြေလည်လည်နဲ့ ပြီးတဲ့အစည်းအဝေးဆိုတာကလည်း ခပ်ရှားရှားကိုး။ ဒါပေမဲ့ ညီလာခံက ထင်ထားတာထက် အများကြီး ပိုအဆင်ပြေတယ်။ သူတို့အားလုံးမှာ ဒီညီလာခံကို အောင်အောင်မြင်မြင်ကျင်းပသွားကြဖို့ မျှော်လင့်ကြတယ်၊ ဆန္ဒရှိကြတယ်။ ဒါကြောင့်မို့လည်း အရင်ကထက်ကို အချင်းချင်း ပိုသည်းခံကြတယ်၊ အပြောအဆို ဆင်ခြင်ကြတယ်၊ တစ်ဦး‌ပြောတာ တစ်ဦး နားထောင်ကြတယ်။ ပုံမှန်အစည်းအဝေးတွေက အခုလိုမဟုတ်ဘူး။ အရင်က မသိကျွမ်းဖူးတဲ့လူတွေ၊ ဘယ်လိုအခြေခံ ဘုံသဘောတူစည်းမျဉ်းမှ မရှိဘဲ ကြုံသလိုဖွဲ့ပြီး လက်နက်ကိုင်လာတဲ့လူတွေဆိုတော့ စုပေါင်းလုပ်ဆောင်ကြဖို့ အခက်အခဲ အများကြီးရှိတယ်။

တက်‌ရောက်လာတဲ့ တပ်ရင်းမှူးတွေ၊ ကော်မတီဝင်တွေ တော်တော်များများက သူငယ်ချင်းတွေ၊ ကိုယ်စာသင်ခဲ့ဖူးတဲ့လူတွေ၊ ကိုယ့်ညီတွေပါပဲ။ အားလုံးနီးပါးက ကိုယ်နဲ့ သိကျွမ်းခင်မင်သူတွေပါပဲ။ သူတို့အကြောင်းတော်တော်များများကို ကိုယ်ကသိနေ တယ်။ ဒါကြောင့်လည်း အစမှာ ညီလာခံတက်ဖို့ စိတ်မသက်မသာဖြစ်တာ။ အကုန်လုံးက တဇောက်ကန်း မင်းတပ်သားတွေ လေ။ လက်တွေ့မှာ ညီလာခံမှာ သိလာရတာ ဒီ (၂) နှစ်အတွင်း သူတို့တွေ အများကြီး ရင့်ကျက်လာကြတယ်။ ဖြစ်လည်း ဖြစ်မှာပေါ့ ဒီလူငယ်တွေ (အထူးသဖြင့် တပ်ရင်းမှူး‌တွေ) ဒီနှစ်ပိုင်းဖြတ်သန်းရတာတွေ နည်းတာမှ မဟုတ်ဘဲ။ သူတို့တွေ သည်းခံလာကြတယ်။ အရင်က ထစ်ခနဲရှိ ဘုကန့်လန့် ပြန်ပြောသူတွေ နားထောင်လာကြတယ်။ အခုတော့ ဒေါသထွက်နေ တဲ့ကြားက စကားကို ဆင်ဆင်ခြင်ခြင်ပြောကြတယ်။ ကိုယ်လက်မခံနိုင်တဲ့အမြင်ကို သူတပါး တင်ပြလာလည်း အရင်လို ချက်ချင်း ကန့်ကွက်တာမျိုးမလုပ်ဘဲ သည်းခံနားထောင်ပေးကြတာ တွေ့ရတယ်။ ဘာပဲပြောပြော ဟာသအဖြစ်ပြောင်းပြီး ဟားဖို့ပဲ သိတဲ့ တပ်ရင်းမှူးတွေ လေးလေး‌နက်နက် စဉ်းစားလာပြီး အမြင်ကျယ်ကျယ်နဲ့ တွေးခေါ်ချပြတာတွေရှိတယ်။

ဒီနေရာမှာ ချီးကျူးချင်တာကတော့ တိုက်နယ်လိုက် တပ်ရင်းမှူးတွေက ကိစ္စတော်တော်များများမှာ တိုက်နယ် တပ်ရင်းတွေ အတွက် တိုက်နယ်စွဲ၊ လူမျိုးစွဲ မရှိဘဲ မြေပြင်အခြေအနေနဲ့လိုက်အောင် သဘောထားကြီးကြီး ရှိကြတာကိုပဲ။ တဆက်တည်း တော်လှန်ရေးအလွန် နိုင်ငံရေးအခြေအနေအတွက်ပါ အားလုံးဆွေးနွေးကြတာပဲ။ အနာဂတ်မှာ ချင်းပြည် ဘယ်လိုဖြစ်လာ မလဲ၊ ဖက်ဒရယ် ယူနစ်နဲ့သွားမှာလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလား.. ဘယ်လိုပုံစံ ဖြစ်မလဲ။ မအလ၊ စကစ ပြုတ်ကျ သွားတဲ့ တော်လှန်ရေးအလွန် နိုင်ငံရေး အခင်းအကျင်းမှာ လက်နက်ကိုင်အဖွဲ့ (CDF-MINDAT) ဟာ ဘယ်လိုနေရာ အခန်းကဏ္ဍကနေ ဆက်ပါဝင်မလဲ။

ဝမ်းသာအားရစရာ အာမခံချက်ကတော့ တပ်ဖွဲ့ဝင်အားလုံးက ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-MINDAT) ကို ပိုကျစ်လစ် ခိုင်မာ၊ အမိန့်စီးဆင်းမှုအပြည့်ရှိပြီး ပြည်သုလူထုက အမှန်တကယ် ယုံကြည်အားကိုးတဲ့ တကယ့် လက်နက်ကိုင်တပ်ဖွဲ့နဲ့တူတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းတည်ဆောက်သွားဖို့ပဲ။ ပြီးတော့ လက်နက်ကိုင်အဖွဲ့တစ်ခုလုံးသည် အရပ်သားအစုအဖွဲ့တစ်ခုခု (ဦးဆောင်ကော်မတီ? Regional Representative Committee?? Supreme council?? Steering committee??) ရဲ့ ခေါင်းဆောင်မှုအောက်မှာပဲ ရပ်တည်လှုပ်ရှားဖို့ အားလုံး တစ်လုံးတစ်ဝတည်း သဘောတူ ကြတာပဲ။

ညီလာခံမှာ အကုန်လုံး အဆင်ပြေချောမောသွားတာတော့ မဟုတ်ဘူးပေါ့လေ။ အပြန်အလှန် စွပ်စွဲကြ၊ စကားများကြ၊ လက်ညှိုးထိုးကြတာတွေလည်း ရှိတာပဲ။ ဒါပေမဲ့ ညီလာခံအောင်မြင်သွားတာနဲ့စာရင် ဘာမှမပြောပလောက်ပါဘူး။

တကယ်ပါ တော်လှန်ရေးကို စိတ်ကုန်လာတဲ့ ကိုယ်တောင် ဒီညီလာခံပြီးမှပဲ စိတ်ပြန်လည်လာ၊ စိတ်လှုပ်ရှားလာတယ်။ မြို့သိမ်းတိုက်ပွဲ၊ အဆုံးသတ်အောင်ပွဲတွေ ပြန်စိတ်ကူးနိုင်တော့တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.