Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

0
By Editor on March 21, 2023 Featured

ရေး – Salai Van Cung Lian (UK)

တို့ဗမာအစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ

၁၉၃၆ ခုနှစ် မတ်လအတွင်း အဖွဲ့၏ ညီလာခံကြီးအား ကျင်းပခဲ့ကြပြီး လိုလားချက်များကို ပြည်မနိုင်ငံရေး ပါတီများက ထောက်ခံလာအောင်ဆောင်ရွက်ရင်း တို့ဗမာအစည်းအရုံးအဖွဲ့ နှင့် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့တို့ ရင်းနှီးစွာဆက်သွယ်မိကြသည်။ တို့ဗမာအစည်းအရုံးသည်လည်း သခင်ဝါဒအား တောင်တန်းနယ်များသို့ တိုးချဲ့ရန် ဆုံးဖြတ်ပြီးသည် နှင့်အမျှ ချင်းတောင်တွင် ဦးဝမ္မသူးမောင်း (သခင်အောင်မောင်း)၊ ဦးကီးဖေလိန်း (သခင်အောင်မင်း)၊ ဦးအွမ်နိန် (သခင်အောင်ညွန့်) စသော တို့ဗမာ အစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ ပေါ်ပေါက်လာခဲ့သည်။

ကန်ပက်လက်အရေးခင်း (၁၉၄၀ ဖေဖော်ဝါရီ ၂၀)

ဝရဲရွာညီလာခံ၏ ဆုံးဖြတ်ချက်များအရအဖွဲ့၏ တောင်းဆိုချက်များကို အရေးဆိုရန် ဦးအွမ်နိန် နှင့် ဦးကီးမာန်တို့အား ပခုက္ကူမြို့ ဝံသာနု အမတ်များမှတစ်ဆင့် လည်းကောင်း၊ ဦးထန်တမ် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၇ ဦးနှင့်အတူ ပါလီမန်သို့လည်းကောင်း၊ နောက်ပြီး ဦးဝမ္မသူးမောင်းကိုယ်တိုင် ဗဟိုအစိုးရသို့ အဖွဲ့၏တောင်းဆိုချက်များအား တင်ပြခဲ့သည်။ အဖွဲ့၏လှုပ်ရှားမှုသည်လည်း တစ်နေ့တစ်ခြားပြင်းထန်လာပြီး ဗြိတိသျှအာဏာရှင်တို့သည်လည်း အဖွဲ့၏လှုပ်ရှားမှုများအား အလေးထားလာခဲ့သည်။ ကန်ပက်လက်ဒေသ မငြိမ်မသက်ဖြစ်မှုများအား ဖြေရှင်းရန်အတွက် မကွေးတိုင်းဝန်ရှင်တော်မင်းကြီး Mr.Mcracken နှင့် ချင်းတောင်အရေးပိုင် Mr.Naylor တို့သည် ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော အဖွဲ့၊ နောက်ပြီး ကန်ပက်လက်၊ မင်တပ်နယ် တိုက်သူကြီး နှင့် ရွာသူကြီးတို့သည် ကန်ပက်လက် ဘော်လုံးကွင်း၌ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီ (၂၀) တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် သဘောတူခဲ့ကြသည်။ ကန်ပက်လက်ညီလာခံတွင် လူထု ၁၀၀၀-၁၅၀၀ တက်ရောက်ခဲ့သည်။

ကန်ပက်လက်အရေးခင်းနှင့်ပက်သက်ပြီး Mr.Mccraken မှ ဗဟိုအစိုးရ၊ ကာကွယ်ရေးဌာနသို့ ပေးပို့သည့် လျှို့ဝှက်အစီရင်ခံစာ (No.75/21C10) တွင်၊ ၁၉ ရက်နေ့ (၁၉-၀၂-၁၉၄၀) တွင် အဖွဲ့ခေါင်းဆောင် ဦးဝမ္မသူးမောင်းအား သူသတိပေးခဲ့ကြောင်း၊ တိုက်သူကြီးတို့ သည်လည်း သူ့အားလာရောက်တွေ့ဆုံပြီး သူတို့ကောက်ခံရရှိသော အခွန်များအားလုံး သူတို့သာရရှိသင့်ကြောင်း၊ (ထိုအချိန်တွင် တိုက်သူကြီးများ ကောက်ခံသည့် အခွန်အားလုံးမှ အစိုးရကတစ်ဝက်ရရှိပြီး တိုက်သူကြီးများက တစ်ဝက်ရရှိသည်)၊ နောက်ပြီး Mr.Mccraken မှ ကျန်တဲ့ချင်းတောင်ဒေသမှာလည်း တိုက်သူကြီးများက ထက်ဝက်သာရရှိကြောင်းနှင့် ဤဥပဒေကိုမူပြင်ဆင်ရန်မဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။ ၂၀ ရက်နေ့မနက်ပိုင်းတွင် တိုက်သူကြီးယောက် (၂၀) မှ အခွန်ကောက်ခံငွေရာပြည့်မရနိုင်လျင် အလုပ်မှ ထွက်ခွင့်ပြုရန်ဟူ၍ လာရောက်အကြောင်းကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတွင် Mr.Mccraken မိန့်ခွန်းပြောကြားစဉ် ကန်ပက်လက်နယ်အား ပခုက္ကူ နယ်ထဲသို့ သွတ်သွင်းရန်မဖြစ်နိုင်ကြောင်း ပြောကြားသည်နှင့် ကွင်းတစ်နေရာမှ လူ ၂၀၀-၃၀၀ ရုတ်တရက် ကြွေးကျော်ဆန္ဒပြခဲ့ကြကြောင်း၊ ညီးလာခံပြီးနောက် မနက်မှတွေ့ဆုံသော တိုက်သူကြီးတို့ထံမှ အစိုးရကပေးအပ်ထားသော ခန့်စာများကို ပြန်လည်အပ်နှံခဲ့ကြပြီး သူတို့အား ချင်းတောင်အရေးပိုင်မှ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆန္ဒပြကြခြင်းသည် အစိုးရအားအကြည်ညို ပျက်စေခြင်းသာဖြစ်ပြီး ချင်းတောင်အရေးပိုင်၊ ရွာသားတစ်ချို့တို့ နှင့် ဆွေးနွေးသည့်အတိုင်း ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ခေါင်းဆောင်များအား ဓာစာခံအဖြစ်ဖမ်းဆီးသင့်ကြောင်း အစီရင်ခံစာတင်ခဲ့သည်။

ထိုညီလာခံတွင် ချင်းအမျိုးသားတို့၏ တောင်းဆိုချက် များကို မလိုက်လျှောနိုင်ကြောင်း ကြေငြာသည်ကို ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသား ၂၀၀-၃၀၀ မခံမရပ်နိုင်ဖြစ်ပြီး ရုတ်တရက်ကြွေးကျော်ဆန္ဒပြခဲ့ကြသည်။ ရွာသူကြီး အယောက် ၂၀ တို့ကလည်း ဗြိတိသျှ အစိုးရကပေးအပ်ထားသော ခန့်စာများကို ပြန်လည် ပစ်ပေါက်အပ်နှံလိုက်ကြသည်။ ချင်းလူထု၏ အုံကြွဆန္ဒပြမှုကြောင့် ဗြိတိသျှအရာရှိများသည် ကန်ပက်လက်မှ ၁၂ မိုင်ဝေးသော ဆောမြို့သို့ ထွက်ပြေးကြလေသည်။ ဗြိတိသျှအာဏာပိုင်တို့သည် ခေါင်းဆောင်များအား ဖမ်းဆီးနိုင်ရန်အတွက် အထက်သို့ ခွင့်ပြုချက် တောင်းခဲ့ကြရတော့သည်။ တစ်ပြိုင်တည်း တောင်ပိုင်းချင်းတောင်တွင် စစ်တပ်အင်းအားဖြည့်တင်ရန်အတွက် Frontier Force မှတပ် အင်အား ၅၀ အား မင်းတပ်စခန်းသို့ ယာယီချထားရန်လည်း အထက်သို့ အကြိမ်ကြိမ်တာင်းဆိုကြရတော့သည်။

ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ခေါင်းဆောင်များအား ဖမ်းဆီးခြင်း

မကွေးတိုင်းဝန်တော်ရှင်မင်း Mr.McCracken သည်ကန်ပက်လက်အဖြစ်အပျက် အကြောင်းစုံအား ဗဟိုအစိုးရ ကာကွယ်ရေးဌာန သို့တင်ပြခဲ့သည်။ ထို့အစီရင်ခံစာတွင် အဖွဲ့ခေါင်းဆောင်များအား ဖမ်းဆီးနိုင်ရန်အတွက် ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အားအသုံးပြုခွင့်ပြုရန် လေးလေးနက်နက် အစီရင်ခံခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနပြန်စာ (No.452 D(P) 39. ၂၆-၂-၄၀ ရက်စွဲတပ်) ကြေးနန်းပြန်စာတွင် ထိုဥပဒေသုံးစွဲရန် ဘုရင်ခံမှခွင်ပြုကြောင်း၊ သို့သော် ကန်ပက်လက်နယ်တွင် အဘိုးကြီးတစ်ယောက်က ဒီလောက်လူစည်းရုံးနိုင်ပြီး ဆူပူသောင်းကျန်းနိုင်သည်မှာ ဘုရင်ခံစိတ်ပျက်ရကြောင်း၊ ထိုဒေသတွင် ဒီလောက်ဆူပူသောင်းကျန်းမှုမှာ အုပ်ချုပ်သူများ ညံ့ဖြင်းမှုသာဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် ဒေသငြိမ်းချမ်းရန် လူမှုတိုးတက်ရေးဘက်တွင် အလေးထား ဆောင်ရွက်သင့်ကြောင်း ပြန်ကြားလိုက်သည်။ ထို့နောက် ၀၉-၀၃-၁၉၄၀ တွင် မင်းတပ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သောအဖွဲ့ တို့တွေ့ဆုံပြီး ရဲအရာရှိမှ နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်မလိုက်ရန်၊ ဆက်လိုက်ဖြစ်ပါက ပုဒ်မ – ၁၄ (၁)( ဃ) အရအရေးယူမည်ဖြစ်ကြောင်း သတိပေခဲ့သည်။ Mr.McCraken တောင်းဆိုထားသည့် Frontier Force စစ်တပ်အင်အား ၅၀ (1 Platoon) သည်လည်း Capt. Melville မှဦးဆောင်ကာ ၀၂-၀၃-၁၉၄၀ ရက်နေ့တွင် မင်းတပ်စခန်းသို့ ပျော်ဘွယ်မှ ရောက်ရှိလာခဲ့သည်။

၁၁-၀၃-၄၀ ရက်နေ့တွင် ချင်းတောင်အရေးပိုင် Mr.Naylor နှင့် Captain Melville တို့သည် အဖွဲ့ခေါင်းဆောင် ၃၂ ဦးတို့အား မင်းတပ်စခန်း၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် အရေးပိုင်၏တောင်းဆိုချက်အရ အဖွဲ့မှ နိုင်ငံရေးမလိုက်ရန် ကတိပေးခဲ့ကြပြီး အရေးပိုင်မှသူတို့အား ဝန်ခံကတိထိုးခိုင်းခဲ့သည်။ အစပိုင်းတွင်မူ ဦးဝမ္မသူးမောင်းမှ သူမထိုးနိုင်ကြောင်း၊ သူအမှားမလုပ်ကြောင်းငြင်းဆိုခဲ့ သော်လည်း နောက်ဆုံးသူထိုးခဲ့ရသည်။ အရေးပိုင်မှ အထက်သို့အစီရင်ခံရာတွင် အဖွဲ့မှသူ့အား နိုင်ငံရေးမလှုပ်ရှားမှုမပြုရန် ကတိပေးခဲ့သောကြောင့် ယခုအချိန်တွင်မူ မရေးယူဆောင်ရွက်ရန် မသင့်တော်ကြောင်း မကွေးတိုင်းဝန်တော်ရှင်မင်းထံသို့ အစီရင်ခံခဲ့သည်။

သို့သော်အဖွဲ့သည် နိုင်ငံရေးလှုပ်ရှားမှုအား မရပ်မနားဆက်လက်ဆောင်ရွက်ကြပြီး စီးရုံးရေးလုပ်ငန်းများအား နယ်ပေါင်းစုံတွင် ဆောင်ရွက်ခဲ့ကြသည်။ ချင်းတောင်အရေးပိုင်သည် အဖွဲ့၏လှုပ်ရှားမှူသတင်းကြားသည်နှင့် အဖွဲ့ ခေါင်းဆောင် (၉) ဦးအား ၂၇-၀၃-၄၀ တွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်မလိုက်ရန် ခေါပြောခဲ့သည်။ ဒီတစ်ခါတွင်မူ ဦးဝမ္မသူးမောင်းက နိုင်ငံရေး လှုပ်ရှားမှုများအား ရပ်တန့်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အဖွဲ့အားမတရားအသင်းကြေငြာရန် နှင့် အဖွဲ့ခေါင်းတောင်များအား ဓာစာခံအဖြစ် ဖမ်းဆီးရန် စီဉ်ကြရတော့သည်။ ဦးဝမ္မသူမောင်း ခေါင်းဆောင်သော အဖွဲ့သည်လည်း ထက်ထက်မျက်မျက် လုပ်စွမ်းနိုင်ရန် ပခုက္ကူမြို့ရှိ သခင်အံကြီးမှတဆင့် တို့ဗမာအစည်းအရုံးဝင် အဖွဲနှင့် လည်ကောင်း အလုပ်သမားခေါင်းဆောင် ဦးဘလှိုင်နှင့် လည်းကောင်း ဆက်သွယ်ရတော့သည်။ ၎င်းးတွေ့ဆုံပွဲအပြီးမကြာမီတွင် ဗြိတိသျှရဲတပ်ဖွဲ့နှင့် ရိုရွာသားများအကြား တင်းမာမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ဗြိတိသျှဝန်ထမ်တို့မှ အကွေးတိုင်းဝန်တော်ရှင်မင်းထံသို့ အစီရင်ခံရာတွင် သူတို့သည် ရိုရွာသို့ နွားခိုးမှုအား ဖြေရှင်မည်အပြုတွင် ရိုရွာသားအယေက် ၈၀ ခန့်မှ လက်နက်အပြည့်အစုံဖြင့် တားဆီးမှုများပြုလုပ်ခဲ့သည်[1]။ ထိုအဖြစ်အပျက်နှင့်ပက်သက်ပြီး ရိုရွာသား ၁၆ ယောက်သည် ၂၀ စက်တင်ဘာ ၁၉၄၀ တွင် ဖလမ်းအကျည်းထောင်ထဲမှ အရေးပိုင်ထံသို့ အသနားခံစာပြန်လည်ရေးသားရာ “ဘုရား၊ ကျွန်တောမျိုးများတို့သည် ချင်းတောင်ညီညွတ်ရေးအသင်းတွင် ပါဝင်သည့်အတွက် စစ်ဆေးရန် ချင်းတောင်အရေးပိုင်မင်း နှင့် နယ်ပိုင်ဝန်ထောက် ဦးဖူးညိုကြွရောက်လာမည်ဖြစ်၍ လူထွက်စေလွှတ်လိုက်သော ပုလိပ်သား ဗွေရာဆိုသူ လာရောက်စဉ် ဂေစိန်ဆိုသူမိန်းမကို တန်းခြင်းလက်သီးထိုးခြင်းမျိုးမျိုးနှင့် နှိပ်စက်ပြီးလျှင် နံနက်မိုးလင်းသေားအခါ အရေးပိုင်မင်း နှင့် ဝန်ထောက်ကြွရောက်လာမည်ဖြစ်၍ ဓာတ်ပုံရိုက်ရန် တစ်ရွားလုံး စတ်စုံအပြည့်ဖြင့် လာရောက်ကြရမည်ဟု အမိန့်ပေးသွားသည့်အတိုင်း ကျွန်တော်များတို့လည်း ဓာတ်ပုံရိုက်ရန် ဝတ်စုံအပြည့်ဖြင့် သွားရောက်ကြရပါကြောင်း၊ ထိုသို့ဝတ်ဆင်လျက် ဗိုလ်တဲထဲသို့ သွားရောက်ကြသောအခါ စကားပြန် ကီးဗွေက ပုန်ကန်ထကြွလိုသည်ဟု လှည့်ဖြားလျက်စကားပြန်သောကြောင့် အရေးပိုင်မင်းမှ ပုန်ကန်မှု နှင့် အရေးယူလျက် ပျော်ဘွယ်စစ်တပ်ကိုခေါပြီးလျင်တိုက်ခိုက်သောကြောင့် အိမ်များပျက်စီးခြင်း ပစ္စည်းများဆုံးရှုံုးခြင်း အဖြေစ်သို့ရောက်ရပါကြောင်း” ပြန်လည်ဖြေရှင်းခဲ့သည်။

ချင်းတောင်အရေးပိုင် Naylor သည် အဖွဲ့ခေါင်းဆောင်များအား အရေးမယူလျင် ရိုရွာလို အဖြစ်ပျက်မျိုးပြန်ဖြစ်လာနိုင်ကြောင်းနှင့် အစိုရမှ တရားဥပဒေစိုးမိုးရန်အတွက် Capt. Melville နှင့်သူ့တပ် (3 Platoons & 1.Lewis Gun Section) သည် J.Ponyo နှင့်အတူ ချင်းတောင်အရေးပိုင် အမိန့်ကိုဖီဆန်သည့် ရိုရွာသို့ချီတက်ရန်၊ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းသည် မင်းတပ်စခန်းသို့ အင်အားဖြည့်ရန် အတွက် ခွင်ပြုချက်အား ကာကွယ်ရေးဌာနသို့ တင်ပြခဲ့သည်။ Mr.Naylor ၏တောင်းဆိုချက်အား အထက်မှ ၁၀-၄-၄၀ ရက်နေ့တွင်ခွင်ပြုချက် ရရှိပြီးနောက် (ခ.မ.ည.ဖ) အဖွဲ့ကို မတရားအသင်း ကြေညာပြီး ချင်းတောင်စည်းမျဉ်းဥပဒေပုဒ်မ – ၁၄ (၁)( ဃ) အရ ချင်းအမျိုးသားခေါင်းဆောင် များဖြစ်သော ဥက္ကဌ ဦးဝမ္မသူးမောင်းနှင့် ဒုဥက္ကဌ၊ အတွင်းရေးမှုးစသော အမှုဆောင်များဖြစ်ကြသော ဦးဝရဲလောဟာ၊ ဦးအွမ်နိန်း (သခင်အောင်ညွန့်)၊ ဦးကီးဖေလိန်း (သခင်အောင်မင်း)၊ ဦးကီးမာန်၊ ဦးဝမ္မသူးငိုင်း၊ ဦးအွမ်တမ် (သခင်ဘတင်)၊ သခင်ကျော်စိန်၊ ဦးအောင်လိန်း (သခင်အောင်ဇံ) တို့အား ဖမ်းဆီးခဲ့သည်။

Capt.Melvilleက အောင်လောင်းပန်းရွာ (မင်းတပ်မြို့နယ်) မှ (ညနေ ၉နာရီ၊ ၁၄-၅-၄၀ ရက်နေ့) မကွေးတိုင်းဝန်တော်ရှင်မင်း ထံသို့ secret letter ပေးပို့သည့်စာထဲတွင် သူ့ထံတွင် အကျည်းသား ၂၅ ဦးရှိကြောင်း၊ Naylor လည်းေအောင်လောင်းပန်ရွာသို့ ဒီကနေထွက်လာပြီဖြစ်ကြောင်း၊ အကျည်းသားများအား ပခုက္ကူမဖြတ်ပဲ တောလမ်းခရီးဖြင့် ဖလမ်းသို့ ဟားခါးမှတစ်ဆင့် ပို့သင့်ကြောင်း အကြံညဏ်တောင်းခံခဲ့သည်။ Naylor ၏အစီရင်ခံစာတွင်လည်း အောင်းလောင်းပန်း ရွာတွင်ချိန်းတွေ့ကြကြောင်း၊ သူထံတွင် ဦးဝမ္မသူးမောင်းနှင့် အဖွဲ့အပါအဝင် အကျည်းသား ၂၃ ဦးရှိပြီး ဖလမ်းသို့ထွက်ခွာရန် ပြင်ဆင်နေကြောင်း၊ J.Poo Nyo သတင်းပို့ချက်အရ ရိုရွာမှာလည်းတရားဥပဒေပြန်လည်စိုးမိုးနေပြီဖြစ်ကြောင်း၊ Chi နှင့် မုန်း (Maung) ဒေသတွင်လည်းငြိမ်သက်နေပြီဖြစ်ကြောင်း၊ နောက်ထိုနှစ် ဒေသမှ အစိုးရသတိထားသင့်သည် လူများမှာ ကျောင်းအုပ်ကြီး Mang Kin၊ ဝမ္မသူးကျောင်း ကိုရင်ဘုန်းကြီး နှင့် Hlankham (ပါးစံ??) ရွာမှ ကိုရင်ဘုန်းကြီး တို့ဖြစ်ကြောင်း၊ ၎င်းတို့သည် သခင်အံကြီး တို့နှင့်အဆက်အသွယ်ရှိသည်ဟု ကြားသိရကြောင်း သို့သော် သူ့မှာအထောက်အထားမရှိသေးပေ၊ ဦးဝမ္မသူးမောင်းနှင့် အဖွဲ့အပါအဝင်တို့သည် သူတို့အား နိုင်ငံရေးအကျည်းသားများဖြစ်ကြောင်း၊ နောက်ပြီး ဆန်၊ လဘ္ကက်ရည်၊ အဝတ်၊ အိပ်ယာ၊ သတင်းစာ နှင့် သူတို့ရသင့်သည် လစာ Rs.15 ကိုလည်းတောင်ခံခဲ့ကြောင်း၊ သို့သော်သူတို့သည် ချင်းတောင်အက်ဥပဒေဖြင့် ဖမ်းဆီးထားခြင်းဖြစ်သောကြောင့် တောင်းဆိုချက်မျာအား ငြင်းဆန်ခဲ့ရသည်ဟု အစီရင်ခံခဲ့သည်။

ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များအား မင်းတပ်စခန်းတွင် ၇ ရက်ကြာချုပ်နှောင်ခဲ့ပြီးနောက် ကန်ပက်လက်သို့ပို့ဆောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင် ၉ ဦးကိုမူ ကန်ပက်လက်မှတစ်ဆင့် ဆော၊ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတိုင်း ဆန်တက်ရာ ပခုက္ကူအရောက်၊ ဒို့ဗမာအစည်းအရုံးမှ ဦးမျိုးညွန့်မှ မြစ်ဆိပ်သို့သွားရောက်တွေ့ဆုံပြီး သူအိမ်တွင် ဧည်ခံကျွေးမွေးရန်အတွက် အစောင့်ရဲဘော်ထံသို့ တောင်းဆိုခဲ့သည်။ ထို့နောက် သူ့နေအိမ်တွင် ဦးဝမ္မသူးမောင်း နှင့် အကျည်းသားများအား ဧည့်ခံကျွေးမွေးလျက် ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့သည်။ ဓာတ်ပုံထဲတွင် ဦးဝမ္မသူးမောင်း၊ ဦးကီးမန်း၊ ဦးလိန်းဂေး၊ ဦးအွမ်တမ် နှင့် စစ်သားနှစ်ယောက်ပါဝင်ခဲ့သည်။ ထို့နောက် သူရိယသတင်းထောက် ဦးဘထွန်း အိမ်သို့သွားရောက်ခဲ့ကြပြီး အခြားခေါင်းဆောင်များနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ထိုဓာတ်ပုံနှင့်အတူ အဖွဲ့ခေါင်းဆောင်များ အဖမ်းခံရသည့်ကြောင်းအား သူရိယ အတင်းစာတွင် ထည့်သွင်းဖော်ထုတ်ခဲ့သည်။ ဦးဝမ္မသူးမောင်း နှင့် အဖွဲ့ခေါင်းဆောင်တို့သည် ပခုက္ကူတွင် တစ်ညအိပ်ပြီးနောက် ကလေးဝ-ကလေးမြို့-ဖလမ်းသို့ ပို့ဆောင်ခဲ့ကြသည်။ ဦးဝမ္မသူးမောင်း နှင့် ဦးဝမ္မသူးငိုင်းကိုမူ ဟားခါးထောင်သို့ပို့ဆောင်ပြီး ကျန်တဲ့သူများကိုမူ ဖလမ်းထောင်တွင် အကျည်းချခဲ့ကြသည်။

သတင်းစာတွင်ထည့်သွင်းခြင်း

ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များဖမ်းဆီးခံရသည့်အကြောင်းကို ပခုက္ကူနိုင်ငံရေးခေါင်းဆောင်များက ပြည်မသတင်းစာများသို့ အဖွဲ့၏ဓာတ်ပုံနှင့်တစ်ကွ ဖော်ပြထားသည်။ မကွေးတိုင်းဝန်တော်ရှင်မင်းမှ ချင်းတောင်အရေးပိုင်ထံသို့ ပေးပို့သည့်အစီရင်ခံစာ (No.101,8/21C10) တွင် တိုးတက်ရေးသတင်းစာထုတ်သတင်းစာကို သူ့စာ ၂၄-၀၄-၄၀ ရက်စွဲတပ် (No.978/21C40) နှင့်အတူ ပို့ဆောင်ခဲ့သည်။ ချင်းတောင်အရေးပိုင်မှလည်း ၀၁-၀၅-၄၀ ရက်စွဲတပ်ပြန်စာတွင် ဝန်တော်ရှင်မင်း၏စာနှင့်တစ်ကွ ၁၈-၀၅-၄၀ ရက်စွဲထုတ်တိုးတက်ရေးသတင်းစာအားရရှိထားကြောင်း၊ ထိုတင်မကဘဲ မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း ထိုဓာတ်ပုံနှင့်တစ်ကွဖော်ပြထားကြောင်း၊ ယခုကျွန်နုပ်စာနှင့်အတူ သူရိယတတင်းစာအား ဤအစီရင်ခံစာနှင့်အတူ ပေးပို့ကြောင်း၊ ဦးဝမ္မသူးမောင်းနှင့် အဖွဲ့ခေါင်းဆောင်များသည် မင်းတပ်သို့အချေချသည့် ပျော်ဘွယ်တပ်ရင်း မှ ကန်ပက်လက်သို့ခေါ်ဆောင်ပြီး ကန်ပက်လက်ရဲအရာရှိထံသို့ ဖလမ်းထောင်သို့ပို့ဆောင်ရန် အပ်နှံခဲ့ကြောင်း၊ ထိုအရာရှိထံသို့ အင်တာဗျူးလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများအပြုရန် အမိန့်မပေးခဲ့ခြင်းမှာ လွန်စွာနောင်တရမိကြောင်း၊ အရာရှိများက ထိုလုပ်ရပ်များအား ခွင့်ပြုမည်မထင်မိကြောင်း အစီရင်ခံခဲ့သည်။ Naylor မှ J.Ponyo ထံသို့ပို့သော အစီရင်ခံစာတွင်လည်း “That awful Kanpetlet escort allowed Vum Thu Maung and Cos to be interviewed and photographed and visit Thakin houses” ဟု ရေးသားခဲ့သည်။ ပြည်မသတင်းစာများဖြစ်သော တိုးတက်ရေး၊ သူရိယအလင်းနှင့် မြန်မာ့အလင်းတို့တွင် အဖွဲ့ခေါင်းဆောင်များတို့၏ ဓာတ်ပုံနှင့်တစ်ကွ သူတို့လှုပ်ရှားမှု နှင့် အဖမ်းခံရပုံများကို ဖော်ပြထားကြသည်။

ချင်းအမျိုးသားများအား ထပ်မံဖမ်းဆီးခြင်း

အဖွဲ့ခေါင်းဆောင်များ ဖမ်းဆီးခံရသော်လည်း ချင်းအမျိုးသားတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကိုမရပ်တန့်ခဲ့ပေ။ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် စနစ်ဖြင့် ဆောင်ရွက်ကြပြန်ရာ အသုတ်သုတ်ဖြင့် ဖမ်းဆီးခံရကြသည်။ ဒုတိယ အသုတ်အဖြစ် ချင်းမျိုးချစ် ၁၅ ဦး၊ တတိယ အသုတ်အဖြစ် ချင်းမျိုးချစ် ၁၈ ဦး၊ စတုတ္တွအသုတ် အဖြစ် ချင်းမျိုးချစ် ၁၁ ဦး၊ ပဉ္စမသုတ်အနေ ဖြင့် ချင်းမျိုးချစ် ၆ ဦးတို့ အဖမ်းခံရပြီး မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ဟားခါး၊ မြင်းခြံ၊ မကွေး စသည့်ထောင်များတွင် အပို့ခံရကြသည် ။ ရိုရွာတွင်လည်း အစိုးရတပ် နှင့် ရွာသားများ တင်းမာမှုမပျောက်သေးဘဲ ရိုရွာလူထုခေါင်းဆောင်များနှင့် ရွာသားများအား ထပ်မံဖမ်းဆီးခဲ့ကြသည်။ Capttain Melville နှင့် J.Ponyo ဦးဆောင်ကာ ရိုရွာသို့ ၂၅-၀၅-၄၀ ရက်တွင်ရောက်ရှိကြပြီး အစည်းအဝေးခေါ်ခဲ့ကြသည်။ အိမ်ခြေ ၇၅-၈၀ ရှိရိုရွာမှ ရွာသား ၁၄၇ ဦးတက်လာပြီး လက်နက်များချရန်၊ အဖွဲ့ခေါင်းဆောင် ၆ ဦးအား အစိုးရလက်ထဲသို့အပ်နှံရန်၊ ဒဏ်ကြေးအနေဖြင့် တစ်အိမ်လျင် Rupees-8 ပေးရန်တောင်းဆိုသေားအခါ ရွားသားများက ငြင်းဆိုခဲ့ကြသည်နောက် ရွာသား ၄၅ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကန်ပက်လက်သို့ အကျည်းချထားသည်ဟု Naylor မှ Magwe Commissioner ထံသို့ (၀၁-၀၅-၄၀ ရက်စွဲဖြင့်) အစီရင်ခံခဲ့သည်။ ဦးဝမ္မသူးမောင်း ကိုယ်တွေ့မှတ်တမ်းထဲတွင်မူ ရိုရွာခေါင်းဆောင် ၂၀ ဦးနှင့် လူထုခေါင်းဆောင် ၄၉ ဦးအား ဖမ်းဆီးပြီး ၎င်းတို့အား ကူလီဝန်ထမ်းများအဖြစ် အသုံးပြုခဲ့သည် ဟူ၍မှတ်တမ်းတင်ထားသည်။

ချင်းခေါင်းဆောင်များသည် ဗြိတိသျှတို့ ဖမ်းဆီး ချုပ်နှောင်ထားသည့်ထောင်တွင်းမှာပင် အဆာငတ်ခံဆန္ဒပြခဲ့ကြသည်။ ဦးဝမ္မသူးမောင်းခေါင်း ဆောင်သော ချင်းမျိုးချစ်အချို့ကို ဟားခါးထောင်၌ (၁) နှစ်သုံးလ၊ ဖလမ်း၌ (၄) လ တီးတိန်း နယ်တဝိုက်၌ (၃) လ မြင်းခြံ၌ (၃) လ၊ မန္တလေး၌ (၁) လ စသည်ဖြင့် ထောင် ပြောင်းချုပ်ရာ နောက်ဆုံးတွင် ကသာထောင်သို့ရောက်ခဲ့ကြသည်။ ချင်းခေါင်းဆောင်တို့သည် ရောက်ရာအကျဉ်းအခန်းများ၌ စည်းရုံးကြသည်၊ ဦးဝမ္မသူးမောင်းသည် ထောင်ကိုသပိတ်မှောက်ရန် ကြံကြသည်ဟုဆိုကာ ကသာထောင်၌ တိုက်နှစ်လ ထောင်ပိတ် ခြင်းခံရသည်။ ညီဖြစ်သူ တိုက်သူကြီး ဦးထန်းပက်စိမ်းယော အစ်ကိုဖြစ်သူအသက် အသက်ဘေးကင်းဝေးရေးအတွက် ဗြိတိသျှအတွင်း သူသျိုကောင်းဖြစ်ခဲ့သည်သာမက၊ ဦးဝမ္မသူးမောင်း အစာငတ်ခံ ဆန္ဒပြနေချိန်တွင် ငွေကြေးပေးပို့ခြင်းများလည်း လျှို့ဝှက်စွာဆောင်ရွက်ခဲ့သည်။ ညီဖြစ်သူ ဦးထန်းပက်စိမ်းယော အင်္ဂလန် နိုင်ငံ လန်ဒန်မြို့သို့ အာရှလူငယ်ဘက်စုံအားကစားပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရင်း (၉) လကြာ နေထိုင်ခဲ့သည်။ ၁၉၂၂ ခု မတ်လတွင် မြန်မာနိုင်ငံပြန်ရောက်၍ ၁၉၂၅ ခု တွင် ဖခင်မှလွှဲအပ်သော တိုက်သူကြီးတာဝန်ကို ၁၉၄၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ သူတာဝန်ထမ်း ဆောင်စဉ်ကာလတွင် သူ၏လုပ်ဆောင်ချက်များအတွက် ဗြိတိသျှအစိုးရမှ ဂုဏ်ထူးဆောင်ဆုလက်မှတ် အပါအဝင် သေနတ် ၄ လက်နှင့် ဆုတံဆိပ်များချီးမြှင့်ခြင်းခံခဲ့ရသည်။

ဆက်လက်ဖော်ပြမည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.