(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF – ကန်ပက်လက် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဘာစစ်ရေးလှုပ်ရှားမှုမှမရှိဘဲနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။ ဘာဗုံး အမျိုးအစားနဲ့ ပစ်ခတ်တယ်ဆိုတာ အတည် မပြုနိုင်သေးပါဘူး။ သုံးသပ်မိသလောက် Rocket တွေ ဖြစ်ဖို့များတယ်။ မြေပြင်အခြေနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက် ၁၁ နာရီခန့်တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် လောင်းရှည်ကြားရှိ ကျင်ဒွေးရောက်ခါနီး ၇ မိုင်ခန့်အကွာရှိ နေရာများကို စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးဖြင့် ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျင်ဒွေးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသကဲ့သို့ ကန်ပက်လက်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသကဲ့သို့ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လော်ဘီချန်နယ်တချို့တွင် ကျင်ဒွေးမြို့စစ်စခန်းများကို တိုက်ခိုက်ရန် လောင်းရှည်အနောက်ဖက် ရွာများမှတစ်ဆင့် ကားများဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တက်သွားကြသည်ဟု သတင်းများ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်က ပျံ့နှံ့နေခဲ့သည်။