(002MG)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲပြီး မြို့တွင်းမှာကျန်ရစ်ခဲ့ ကြသည့် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသည့်ပြည်သူ အယောက် (၁၀၀) ကျော်တို့ ဆေး၀◌ါးနှင့် စား၀◌တ် နေရေး အခက်အခဲကြုံနေကြရသည်ဟု သိရသည်။
“ဆန်က အခုတလောတော့ ရှိသေးတယ်၊ ကျန်တဲ့ဟာတွေတော့ မရှိတော့ဘူး ငပိ၊ ဆား အစားအသောက် ရေကအစပေါ့ ဝယ်ဖို့မရှိဘူး။ အကုန် ထွက်ပြေးတဲ့နေရာမှာ သယ်ကုန်ကြတာ။ အခုက ရှိသလောက်ပဲစားမယ် ကုန်ရင်ဘယ်လို လုပ်ရမလဲဆိုတာ စဥ်းစားလို့မရဘူး” ဟု ဆမီးမြို့ထဲ ကျန်ခဲ့သော သက်ကြီးရွယ်အိုတစ်ဦးက ပြောသည်။
ဆမီးမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ကစပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြို့ခံပြည်သူအားလုံးနီးပါး ကျေးရွာဖက်နှင့် တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေကြသည်မှာ (၂) လနီးပါးရှိလာပြီဖြစ်သည်။
လက်ရှိဆမီးမြို့ထဲတွင် မထွက်ပြေးနိုင်ဘဲ ကျန်ခဲ့သည့် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုအယောက် ၁၀၀ ၀န်းကျင်ခန့်ရှိပြီး စား၀တ်နေရေးနှင့် ၎င်းတို့နေ့စဥ်မှီဝဲသည့် ဆေးဝါးများလည်း ပြတ်လပ်လာပြီဖြစ်သောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။
“ကျန်ခဲ့တဲ့သူတွေက လူနာတွေ အသက်ကြီးတဲ့ ဘိုးဘွားတွေပဲ အခု အခက်အခဲဆုံးက ဆေးဝါးပဲ။ ပါဒါစီတမော တောင်မရှိဘူး၊ ဖျားလိုက်၊ နာလိုက်နဲ့ မတတ်နိုင်ဘူး တယောက်နဲ့တယောက် အဲ့လိုပဲ ကူညီပြီး နေကြရတော့တာပဲ” ဟု ဆမီးမြို့ဒေသခံကပြောသည်။
အဆိုပါ သက်ကြီးရွယ်အိုများသည် စစ်ဘေးတိမ်းရှောင်ချင်ကြသော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ကျန်းမာရေးနှင့် လမ်းစရိတ်အခက်အခဲတို့ကြောင့် စစ်မရှောင်နိုင်ဘဲ ကျန်ခဲ့သူများဖြစ်ကြသည်ဟု သိရသည်။
အိမ်ခြေတစ်ထောင်ခန့်ရှိသော ဆမီးမြို့တွင် လူဦးရေ ၈ ထောင်နီးပါးခန့်နေထိုင်ကြပြီး လတ်တလောတိုက်ပွဲကြောင့် မြို့ခံလူဦးရေအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။