“ချင်း” ဟူသည့်အမျိုးသားစုစည်းမှုဖြင့် ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုသည်။
ချင်းအမျိုးသားတပ်ဦး CNF သည် ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၎င်းတို့ဌာနချုပ် Victoria Base၊ ချင်းလုံမြို့တွင် အဌမအကြိမ်မြောက် ပါတီညီလာခံကျင်းပပြုလုပ်ကာ ဦးဆောင်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များရွေးချယ်ခဲ့ကြပြီးနောက် ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်မည်ဟု ပြောဆိုခြင်းဖြစ်သည်။
ပါတီညီလာခံတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌအဖြစ် လက်ရှိဥက္ကဌ တာ၀န်ယူထားသူ ပူးဇင်ကျုံးကို ထပ်မံရွေးကောက်တင်မြောက်ခဲ့ကြပြီး အထွေထွေအတွင်းရေးမှူးကိုလည်း ယခင် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်း Thla Hei ကို ထပ်မံရွေးကောက်တင်မြောက်ခဲ့ကြသည်ဟု အဌမအကြိမ်မြောက် ပါတီညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦး၏ အဌမအကြိမ်မြောက် ပါတီညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီ၀င်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်များနှင့် ဗဟိုတရားသူကြီးအဖွဲ့၀င်များကိုလည်း ရွေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။
အဆိုညီလာခံတွင် ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ ချင်းအမျိုးသားတည်ဆောက်ရေးဆိုင်ရာမူ၀ါဒ (Chin Nation-Building Policy) နှင့် ချင်းအမျိုးသားတပ်ဦးတည်ဆောက်ရေးစီမံကိန်း (The Seven Program) အပါအ၀င် မူ၀ါဒနှင့် လုပ်ငန်းစီမံကိန်းများကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြသည်ဟု သိရသည်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၂၃) နှင်အညီ ဖွဲ့စည်းထူထောင်ထားသည့် ချင်းလဲန်းကောင်စီ၊ ချင်းလဲန်းလွှတ်တော်၊ ချင်းလဲန်းအစိုးရအဖွဲ့၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်တို့ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ဆိုသည်။
ချင်းအမျိုးသားတပ်ဦးသည် စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်မှန်သမျှအပြီးသတ်တိုက်ဖျက်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့်အညီ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူလက်တွဲတိုက်ပွဲ၀င်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။