Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အရေးတကြီးဖြေရှင်းရမည့် ချင်းပြည်က မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု

အရေးတကြီးဖြေရှင်းရမည့် ချင်းပြည်က မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု

0
By Editor on April 1, 2024 Featured

(002MG)

တတိယမြောက်ကလေးမွေးဖွားဖို့ နေ့စေ့လစေ့ကိုယ်၀န်လွယ်ထားသော ဒေါ်လှမေ (အမည်လွှဲ) သည် အရင်ကလိုပဲ ကျေးရွာထဲကအရပ်လက်သည်နှင့် ပြန်မွေးမည်ဟုတွေးထားသော်လည်း မမွေးနိုင်သည့်အတွက် ကျေးလက်ဆေးပေး ခန်းရှိရာ တိုက်နယ်အမှတ် (၃) ကို ရောက်လာချိန်မှာတော့ သူ့ဗိုက်ထဲက ကလေးက အသက်မရှိတော့ပါဘူး။

ဒေါ်လှမေသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၄) ရှစ်ကလူးကျေးရွာကဖြစ်ကြပြီး လမ်းပန်းဆက်သွယ်ရေးကြမ်း တမ်းသော တောင်ပေါ်လမ်းမှာ ဆိုင်ကယ်ငှါးပြီး ဆရာ၀န်ရှိသည့် တိုက်နယ်အမှတ် (၃) က ကျေးရွာတစ်ရွာထဲကို ရောက်လာသည့်အချိန်မှာ ဗိုက်ထဲက ကလေးသည် လှုပ်ရှားမှုမရှိတော့ဘဲ အသေနှင့်သာ မွေးဖွားခဲ့ရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ ကိုလောရင့်ကပြောသည်။

“သူလာတာ တော်တော်လေးဝေးတယ်။ နေ့စေ့လစေ့ရောက်တော့ မွေးတယ်။ မမွေးနိုင်ဘူး၊ သွေးတွေက ဆင်းလာတယ်။ သူတို့က ဆိုင်ကယ်ငှားလိုက် ကားငှားလိုက်နဲ့ ရောက်လာကြတာ။ အလ်ထာစောင်းနဲ့ကြည့်တော့ ကလေးက သေသွားပြီ။ ကလေးအမေပြောတာတော့ ဆေးရုံကိုရောက်တဲ့အချိန် ကလေးက တစ်ချက်လှုပ်သေးတယ်ပြောတယ်။ အသက်ထွက်သွားတာနေမှာပေါ့။ ကျနော်တို့ မြေမြုပ်ပေးလိုက်ကြတယ်” ဟု ကိုလောရင့်ကပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုဆိုး၀◌ါးလာနေသည့် ချင်းပြည်နယ် ကျေးလက်ဒေသက မိခင်အများစုသည် ဒေါ်လှမေကဲ့သို့ ကြုံတွေ့သူဒုနှင့်ဒေးရှိသည်။ ကျေးလက်ဒေသမှာ ဆေးပေးခန်း မရှိခြင်း၊ ဆရာ၀န်မရှိခြင်း၊ ဆေး၀ါးမလုံလောက်ခြင်းတို့ကြောင့် ချင်းပြည်နယ်က မိခင်များသည် မိမိတို့၏ရင်သွေးငယ်များကို မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရခြင်းဖြစ်သည်။

 စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဆိုး၀ါးလာသည့် မီးတွင်းမိခင်နှင့်မွေးကင်းစကလေးသေဆုံးမှု

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက် ၃ နှစ်အတွင်းမှာ မင်းတပ်မြို့နယ်တစ်ခုတည်းမှာပင် မွေးကင်းစကလေးငယ် သေဆုံးမှု ၂၀ ကျော်ခန့်ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီစာရင်းအရသိရသည်။ မွေးကင်းစကလေး ငယ်များသေဆုံးမှုများသည့်နည်းတူ မီးတွင်းသေဆုံးသည့် မိခင်များလည်းတိုးလာနေသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်းရင်း မီးတွင်းမိခင်သေဆုံးသူ ၁၂ ဦးရှိခဲ့သည်ဟု ကိုလောရင့်ကပြောသည်။

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်မှာလည်း စစ်ဘေးတိမ်းရှောင်ရင်း မွေးကင်းစကလေးငယ်နှင့် ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုရှိနေကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။

“ကိုယ်ဝန်ဆောင်တွေက သီကိရ်ဆေးရုံမှာလာကြတာပေါ့ အဝေးကလာတော့ အချိန်မီမရောက်နိုင်လို့ သေသွား တဲ့သူ တွေရှိတယ်။ မှတ်မှတ်ရရ ၂၀၂၂ ခုနှစ်တုန်းက သီကိရ်ဆေးရုံမှာ တလအတွင်းမှာ မွေးကင်းစ ကလေး ၃ ယောက်တောင် သေဆုံးမှုရှိခဲ့တယ်။ ဆေးရုံလာပေမဲ့ အချိန်မီမလာနိုင်တော့အမေ့ဗိုက်ထဲမှာ သေသွားလို့ ခွဲစိတ်ပြီးမှ ထုတ်ရတယ်၊ နောက် ပြီး စောင့်ရှောက်မှုလုံလုံလောက်လောက်မရှိတော့ တစ်ယောက်ဆို ကိုယ်ဝန် ၈ လ လောက်မှာ Abortion (ကိုယ်၀◌န် ပျက်ကျ) ဖြစ်သွားတာပေါ့နော်၊ နောက်တစ်ယောက်ဆို မွေးပြီ ဒါပေမဲ့ ကလေးကမကျန်းမာတော့ လသားမှာပဲ သေဆုံး သွားတာပေါ့၊ အပြင်းထန်ဆုံးအခြေအနေပါ” ဟု ထန်တလန်မြို့နယ်က စစ်ဘေးရှောင်များ အရေးကူညီဆောင်ရွက်ပေး နေသူ အမျိုးသားတစ်ဦးကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့က တမြို့လုံးပြာကျသွားအောင် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံ ပြည်သူ များသည် ထန်တလန်မြို့နယ်အတွင်းက ကျေးရွာများနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ယခုဆိုလျှင် ၃ နှစ်ထဲရှိလာပြီဖြစ်သည်။

“စစ်ဘေးရှောင်ကာလဆိုတော့ အမျိုးသမီးတွေက ကလေးမမွေးဖို့ဆိုပြီး တချို့ကစိတ်ပိုင်းဖြတ်တာပေါ့၊ ဒါပမယ့်နှစ်က ကြာလာပြီဆိုတော့ ကလေးယူကြလာတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် တအား ဒုက္ခ ရောက်တာ၊ အမျိုး သမီးနဲ့ ပတ်သက်တဲ့ ရောဂါတွေဆိုရင်လဲ ပြမယ့်နေရာမရှိဘူးလေ၊ အများစုက ရွာမှာပဲ နေတာဆိုတော့လေ။ တတ်နိုင် တာမတတ်နိုင်တာအပထား တအားဆိုးတဲ့အခါကျတော့ ဟားခါး သို့မဟုတ် တတ်နိုင်တဲ့သူကျတော့ မီဇိုရမ် အိုင်ဇောလ် ဖက်သွားတယ်၊ ဖျားနာတာကစအထူးသဖြင့် (၂) နစ်အောက်ကလေး တွေဆိုရောဂါဖြစ်ရင် တအားဒုက္ခရောက်တယ်” ဟု ထန်တလန်မြို့နယ်ကျေးရွာတရွာမှာ စစ်ဘေးရှောင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ချင်းပြည်နယ်တ၀◌န်းလုံးမှာ မွေးကင်းစကလေးသေဆုံးမှုနှင့် မီးတွင်းမိခင် သေဆုံးမှုစာရင်းကို လုံခြုံရေးအခက်အခဲ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်ကောက်ယူ နိုင်ခြင်း မရှိသည့်အတွက် သေဆုံးမှုများမှာ ယခုထက်ပိုများနိုင်သည်ဟု သိရသည်။

 မွေးကင်းစကလေးသေဆုံးမှုနှင့် မီးတွင်းမိခင်သေဆုံးမှု ဘာကြောင့်အဖြစ်များရလဲ?

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်များစွာရှိနေသည့် ချင်းပြည်နယ်တွင် ယခင်စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကလည်း မွေးကင်းစကလေးသေဆုံးမှု၊ မီးတွင်းမိခင်သေဆုံးများရှိခဲ့သော်လည်း ယခုကဲ့သို့ ဆိုးဆိုး၀ါး၀ါးမရှိခဲ့ပေ။

စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် NLD အစိုးရလက်ထက်တုန်းက ချင်းပြည်နယ်အစိုးရအနေဖြင့် ကိုယ်၀◌န်ဆောင်မိခင် သေဆုံးမှုနှင့် မွေးကင်းစကလေးငယ်သေဆုံးမှုလျှော့ကျစေရေးအတွက် စီမံကိန်းများဖော်ဆောင်ကာ မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ရေးထိုးပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ အဟာရဖြည့်စွပ်စာများပေးအပ်ခြင်းများ ပုံမှန် ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ထိုအစီစဉ်များမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြို့ပေါ်တချို့ကလွဲ၍ ကျန်ကျေးလက်ဒေသများတွင် စစ်ကောင်စီအစိုးရအနေဖြင့် ဆက်လက်ဖော်ဆောင်နိုင်ခြင်းမရှိတော့သည့်အပြင် ချင်းပြည်နယ်တ၀န်းလုံးတွင် စစ်မီးအရှိန် ဟုန်းဟုန်းတောက်လောင်လာကာ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထဲထဲ၀င်၀င်ကူညီပံ့ပိုးပေးနိုင်ခြင်း မရှိကြတော့ပေ။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက ၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ရေး၊ လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်ထားသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများကလည်း လူထုကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ပိုမိုအခက်ကြုံကြရသည်ဟုဆိုသည်။

မင်းတပ်မြို့နယ်ထဲက မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးငယ်များသေဆုံးမှုများလာရသည့် အခြေအနေနှင့် ပတ်သက်၍ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမူ ကော်မတီတာဝန်ခံ ကိုလောရင့်က ယခုလိုပြောဆိုသည်။

“၃ နှစ်အတွင်းမှာ ကလေးတွေမွေးတယ် သေတယ်။ အမျိုးသမီးတွေလည်း ဆေးဝါးမလုံလောက်မူကြောင့် မီးဖွားရင်း နဲ့ဆုံးတာများတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးကလည်းဆိုင်ကယ်နဲ့ သွားဖို့ လမ်းကလည်းတအားကြမ်းတာ ကျောက်ခဲလမ်း၊ တချို့နေရာဆိုမိုးတွင်းဆိုရင် မြေပြိုတာတွေ လမ်းပန်း ဆက် သွယ်ရေးခက်တယ်၊ ဆေးဝါးထောက်ပံ့မှုအရမ်းနည်းတယ်၊ ဆေးဝါးအကူညီတွေရယ်၊ မိခင်ရဲ့ ကိုယ်ဝန် ဆောင်စဥ်ကာလ မှာအာဟာရပါတဲ့ အစားအသောက်တွေ၊ ပြီးရင် စိတ်ပူပန်မှုတွေက တအားများတယ်၊ မီးဖွားရင်းနဲ့ ကလေးလေးမွေးလာပြီး ဆုံးသွားတာများတယ်” ဟု ကိုလောရင့်ကပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ချိန်လိုအပ်သော ကိုယ်ဝန်ဆောင် အားဖြည့်ဆေးဝါးများ၊ ကိုယ်ဝန်ဆောင် စဉ်ကာလ ကျန်းမာရေးအသိပညာ၊ ဗဟုတသုသိရှိမူနည်းပါးခြင်း၊ အမျိုးသမီးများအနေဖြင့် စစ်ဘေးရှောင်နေရသော အခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ကလေးမီးဖွားချိန်တွင် ရိုက်ခတ်မှုများကြုံနေရခြင်းဖြစ်သည်ဟု ထန်တလန်မြို့က စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဉီးဆောင်သူတစ်ဦးကလည်းပြောဆိုသည်။

“ကိုယ်ဝန်ဆောင် အားဆေးတွေလဲ မသောက်ရတော့ဘူး၊ မဝယ်နိုင်ကြတော့ဘူး၊ Calcium ဖြစ်ဖြစ် Iron တောင် ဝယ် မသောက်နိုင်တော့တဲ့အခြေနေကို တွေ့ရတယ်။ စစ်ဘေးရှောင်ရခြင်းရဲ့ နောက်ဆက်တွဲပေါ့ စိတ်ဓါတ်ရေး ရာမှာ စိတ် ဖိစီးမှုတွေ စိတ်ကျတာတွေ ကြုံကြရတာဆိုတော့ ဟင်းကောင်းလဲမစားနိုင်၊ အသီးတောင်မဝယ် မစားနိုင်တော့တာ အသားဆိုရင်တောင် တပါတ်မှာ တခါတောင်မစားရတော့ဘူး၊ ပျော်ရွှင်စရာမရှိတော့ သလိုမျိုးခံစားရတာပေါ့ ဒါကလဲ ကိုယ်ဝန်‌ဆောင်မိခင်ရော၊ ကလေးငယ်တွေအတွက်ရော တော်တော်လေး ထိခိုက်မှုရှိတယ်” ဟု ၎င်းကပြောသည်။

 အရေးပေါ်ကူညီဖြေရှင်းရမည့်ပုစ္စာ

ချင်းပြည်နယ် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ကျေးလက်ဒေသတွင် သားဖွားခန်းမရှိခြင်း၊ ကျန်းမာရေး၀န်ထမ်း မလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အသိပညာပိုင်းအားနည်းခြင်းအပြင် စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်နေရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေး၀ါး မလုံလောက်ခြင်း တို့ကြောင့် မိခင်နှင့်ကလေးငယ်သေဆုံးမှု များလာရခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိအနေအထားတွင် ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ကိုယ့်ဒေသ မြို့နယ်အသီး သီးတွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်များဖော်ဆောင်နေပြီဟုဆိုသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်များ စွာရှိနေဆဲဖြစ်သည်။

ယခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်သော ချင်းပြည်အစိုးရအဖွဲ့ကလည်း ရက် ၁၀၀ စီမံကိန်းတွင် ချင်းပြည်နယ်အတွင်းက ပညာရေးနှင့် ကျန်းမာရေးပိုင်းကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

သို့သော် လည်း ယခုလက်ရှိအနေအထားတွင် ချင်းပြည်နယ် ကျေးလက်ဒေသက ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ များသည် ကျန်းမာရေးစောင့်ရှောက်မှု အဆိုး၀ါးဆုံးအခြေအနေကို ရင်ဆိုင်ဖြတ်သန်းနေကြရပြီး ယင်းကိစ္စကို အရေးပေါ် ကူညီဖြေ ရှင်းနိုင်ခြင်းမရှိပါက ချင်းပြည်၏ ကြယ်ပွင့်များကို မွေးထုတ်ပေးသော မိခင်များနှင့် ကလေးငယ်များ၏ အနာဂတ် ရှေ့ရေးသည် ဆက်လက်မှောင်မိုက်နေဦးမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.