(006SV)
အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း အမြန်ဆုံး ရပ်တန့်ရန် ချင်းပြည်အစိုးရအဖွဲ့က ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်တောင်းဆိုလိုက်သည်။
ချင်းပြည်အစိုးရသည် ဘုံရန်သူ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေချိန် အာရက္ခတပ်တော်က ချင်းပြည်နယ် နယ်နိမိတ်အတွင် စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေသောကြောင့် တိုင်းရင်းသား အချင်းချင်းကြား မလိုလားအပ်သော ထိတွေ့တိုက်ပွဲများဖြစ်နေမှုကို လွန်စွာ စိတ်မကောင်းကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လာသည်။
ယင်းဖြစ်ရပ်သည် ချင်းသမိုင်းတွင် အဆိုးဝါးဆုံး အတွေ့အကြုံတစ်ခုဖြစ်ပြီး အာရက္ခတပ်တော်က ချင်းအမျိုးသားများ ကြိုးပမ်းနေသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို လေးစားအသိအမှတ်ပြုသင့်သည်ဟု ချင်းပြည်အစိုးရက ဆိုသည်။
ထို့ကြောင့် အာရက္ခတပ်တော်အနေဖြင့် ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံးရပ်တန့်ရန် အလေးအနက်တောင်းဆိုသည်ဟု ချင်းပြည်အစိုးရက ပြောသည်။
တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ချင်းပြည်အစိုးရသည် တိုက်ပွဲဝင်နေသကဲ့သို့ ရခိုင်လူမျိုးတို့၏ အမျိုးသားတော်လှန်ရေးကို အားပေးထောက်ခံပါ ကြောင်း၊ ULA/AA ၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်၍ ရခိုင်ပြည်နယ်က မြိုးများစွာ သိမ်းပိုင်နိုင်မှုကို ဝမ်းသာဂုဏ်ယူပါကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ဘုံရန်သူ စစ်ကောင်စီနှင့် ချင်းပြည်အား ကျူးကျော်နေသော ရန်သူမှန်သမျှကို တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ချင်းပြည်အစိုးရ၏ တပ်ဖွဲ့ဝင်များဖြစ်သော CNF/ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDFs တို့အနေဖြင့် အမျိုးသားရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်၍ မည်သူမျှ ချင်းအမျိုးသားရေးကို သစ္စာမဖောက်စတမ်း အောက်ချင်းသစ္စာဖြင့် လက်တွဲတိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ချင်းပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဘုံရန်သူ စစ်ကောင်စီနှင့် ချင်းပြည် နယ်နိမိတ်ကို ကျူးကျော်နေသူများကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ချင်းပြည်အစိုးရက ဆိုသည်။
ချင်းအမျိုးသား အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားနေသယောင် ဝါဒဖြန့်မှုများအပေါ် ချင်းပြည်သူများအနေဖြင့် နားမယောင်မိစေရန်လည်း ချင်းပြည်အစိုးရက တိုက်တွန်းထားသည်။
ချင်းအမျိုးသားနိုင်ငံရေးနှင့် ချင်းပြည် နယ်နိမိတ် တည်တံ့ခိုင်မြဲရေးကို စော်ကား ထိပါးနေသော လုပ်ရပ်မှန်သမျှကို အမျိုးသား ရေးတာဝန်တရပ်ဖြင့် ခံယူ၍ အဆုံးတိုင် ဝိုင်းဝန်းတိုက်ထုတ်ကြရန် ချင်းပြည်အစိုးရကထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့အချို့ဖြင့် စုဖွဲ့ထားသော ချင်းညီနောင်အမည်ခံ အဖွဲ့ဝင်များကို ယနေ့အထိ စတင်တိုက်ခိုက်ပစ်ခတ်ခြင်း လုံးဝ မပြုလုပ်ခဲ့ပါကြောင်း ချင်းပြည်အစိုးရအဖွဲ့က ဆိုသည်။
လူထု၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်ချေမှုန်းရန် ရည်မှန်းချက်တူညီသော မည်သည့်အဖွဲ့အစည်း၊ လူမျိုး၊ အစိုးရနှင့်မဆို လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂပါအဝင် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများ၏ အကူအညီကိုလည်း လိုအပ်သလို ရယူသွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။
ချင်းပြည်အစိုးရ၏ နိုင်ငံရေးဦးတည်ချက်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း သိရသည်။