(005MK)
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်မှာ HIV ရောဂါပိုးကူးစက်ခံရသူ လူပေါင်း ၃ သောင်းကျော်တွေ့ရှိထား ပြီဟု သိရသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသော Mizoram Legislative Forum on HIV/AIDS အခမ်းအနားတွင် မီဇိုရမ်ပြည်နယ်၏ HIV ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအား ဆွေး နွေးခဲ့ကြရာမှာ ၁၉၉၀ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ HIV ပိုးရောဂါကူးစက်ခံရသူ ၃၁၄၆၁ ဦးတွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး၏ ဖော်ပြထားချက်အရ ၁၉၉၀ ခုနှစ်မှ ၂၀၂၄ ဩဂုတ်လအထိ မီဇိုရမ်ပြည်နယ်မှာ HIV ပိုးကူးစက်ခံရသူ ၃၁၄၆၁ ဦးရှိသည့်အနက် ၂၅၄၁ ဦးမှာ ကိုယ်ဝန်သည်မိခင်များထံမှ တွေ့ရှိခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယခုလက်ရှိတွင် HIV ပိုးကူးစက်ခံရပြီး ART ဆေးသောက်သုံးမှီဝဲနေသူ ၁၆၆၆၁ ဦးရှိပြီး HIV ရောဂါကြောင့် သေဆုံးသူ ၅၂၇၇ ဦးရှိပြီဟု ဖော်ပြထားသည်။
HIV ပိုးကူးစက်ခံရမှုအများဆုံးမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမှဖြစ်ပြီး HIV ပိုးတွေ့ရှိမှုအရေအတွက် စုစုပေါင်း၏ ၆၃.၉၃ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ဆေးထိုးအပ်ကတဆင့် ကူးစက်ခံရသူအရေအတွက်သည်လည်း ၃၀.၈၀ ရာခိုင်နှုန်းထိရှိသည်ဟုဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်တွင် HIV ပိုးရှိမရှိ အခမဲ့စစ်ဆေးနိုင်သည့်နေရာ ၃၉ ခုရှိပြီး ရောဂါပိုးကူးစက်ခံရသူများ ကုသသည့် ART Center ၁၄ ခုရှိသည်ဟုသိရသည်။
HIV ပိုးရောဂါသည်များအနက် ART ဆေးအား ဆက်လက်သောက်သုံးခြင်းမရှိဘဲ နေရပ်လိပ်စာအတိအကျမသိနိုင်တော့သည့် ရောဂါသည်များလည်းရှိနေပြီး ထိုကဲ့သို့မဖြစ်ရန် စနစ်တကျစီမံဆောင်ရွက်သွားကြရန်လည်း Mizoram Legislative Forum on HIV/AIDS အခမ်းအနားတွင် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အမျိုးသား အေအိုင်ဒီအက်စ် ထိန်းချုပ်ရေးအဖွဲ့ (NACO)ထံအကြံပြုချက်များတောင်းခံလျှက် မီဇိုရမ်ပြည်နယ် အေအိုင်ဒီအက်စ် ထိန်းချုပ်ရေးအသင်း(MSACS) အနေဖြင့် လူတိုင်းအတွက် HIV ပိုးရှိမရှိ စစ်ဆေးနိုင်မည့် နည်းလမ်းများရှာဖွေသွားရန်လည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။