(006SV)
ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ မြစ်ချောင်းများအတွင်း ငါးမျိုးများ ငါးသားပေါက်ကာလတွင် ငါးဖမ်းခြင်း မပြုလုပ်ရန် တားမြစ်ပြီး ကျူးလွန်သူများကို ကျပ်တစ်သိန်းထက် မနည်းသော ပြစ်ဒဏ်အပါအဝင် တည်ဆဲ ဥပဒေများဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငါးရစ်တက်ကာလအတွင်း ငါးရစ်တက် ငါးများကို နည်းလမ်းအမျိုးမျိုးဖြင့် သိမ်းကျုံးခြင်းနှင့် ဖမ်းယူခြင်း လုံး မပြုလုပ်ရန်နှင့် ငါးမျိုးများ သားပေါက်ကာလဖြစ်သောကြောင့် စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြစ်၊ ချောင်းအသီးသီးမှာ ငါးဖမ်းခြင်း တားမြစ်ပိတ်ပင်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
တားမြစ်ချက်အား ကျူးလွန်သူများကို ကျပ်တစ်သိန်းထက်မနည်း၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ အခြား တည်ဆဲဥပဒေပါ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ပေါင်း၍ဖြစ်စေ ကျူးလွန်သူ တစ်ဦးချင်းဖြင့် အရေးယူခံစေရမည်ဟု သိရသည်။
လောက်တူနယ်ဒေသထဲက ရပ်ကွက်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အားလုံးကိုလည်း လက်ရှိ တားမြစ်ချက်ကို ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၄ ဇူလိုင် ၂၃ ရက်က ကျင်းပပြုလုပ်သည့် ZZLMS အစည်းအဝေး ဆုံးဖြတ်ချက်အရ နှင့် စက်တင်ဘာလ ၁၄ ရက် ပြုလုပ်သော ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ နှင့် ရပ်ရွာပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆေင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်းက မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းများ ရှာဖွေခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း လုံးဝ ခွင့်မပြုကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ ဖြစ်စေ၊ စီမံခန့်ခွဲရေး နည်းအရ ဖြစ်စေ အရေးယူ ဆောင်ရွက် သွားမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်ကို မကွေးတိုင်း ဆော၊ ထီးလင်း ပအဖများနှင့် ကန်ပက်လက်၊ မတူပီ ပအဖများထံကိုလည်း သိရှိနိုင်ရန် ပေးပို့ထားကြောင်း မင်းတပ်-ပအဖထံမှ သိရသည်။