(005MK)
မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ဆိုင်ခန်းတစ်ခုကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၀ သိန်းခိုးယူထွက်ပြေးသွားသူမှာ ချင်းစစ်ဘေးရှောင်ထဲကမဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်ကဖြစ်နေကြောင်း လောင်တလိုင်မြို့အခြေစိုက် The Lawngtlai Post က ဖော်ပြသည်။
လောင်တလိုင်မြို့ Chandmary ရပ်ကွက်က Emmanuel ဆိုင်ခန်းကို စက်တင်ဘာလ ၂၂ ရက်ညက ဖောက်ထွင်းကာ ဆိုင်ထဲက ငွေသားရူပီး ၁၀ သိန်းကိုခိုးယူထွက်ပြေးခဲ့ပြီး နောက်တနေ့ စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်း ၁ နာရီခွဲခန့်မှာ သူ့ကို မီဇိုရမ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူမှာ ရခိုင်တိုင်းရင်းသား အသက် ၂၄ နှစ်အရွယ် မောင်ဦးမြင့်ဆိုသူဖြစ်ကြောင်း သိရှိရသည်ဟု The Lawngtlai Post က ဖော်ပြသည်။
မောင်ဦးမြင့်သည် Emmanuel ဆိုင်ခန်းမှာ အရောင်းဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆိုင်ခန်းထဲတွင် သီးသန့်ထားရှိသော ဘဏ်မှာအပ်နှံမည့် ရူပီးငွေ ၁၀ သိန်းကို ခိုးယူကာ ဆိုင်ကယ်နှင့်ထွက်ပြေးခဲ့ပြီးနောက် Diltlang South ကျေးရွာတွင် ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။
မောင်ဦးမြင့်ကို Diltlang South ကျေးရွာမှ လောင်တလိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီးနောက် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေဆဲဟုသိရသည်။