ဘုရားကျောင်းထဲ အထိုင်စခန်းချတာမရှိကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ငြင်းဆို
(006SV)
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာ ဘုရားကျောင်း အပါအဝင် ကျေးရွာအတွင်း ခြေကုတ်ယူတပ်စခန်းချခြင်းများကို အမြန်ဆုံးရုပ်သိမ်းပေးရန် CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် မဟာမိတ်အဖွဲ့များကို ကမ္ဘာလုံးဆိုင်ရာ ငလိုင်အဖွဲ့အစည်း – GNO က တောင်းဆိုကြောင်း ထုတ်ပြန်သည်။
စစ်ရှောင်ပြည်သူများ နေရပ်ဒေသ မပြန်နိုင်အောင် ရည်ရွယ်လျက် CDF – မတူပီ၊ တပ်မဟာ – ၁၊ ချင်းညီနောင်နှင့် အာရက္ခ တပ်တော် (AA) တို့သည် ငလိုင်ကျေးရွာ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းဝန်း၊ ဆေးရုံဆေးပေးခန်းနှင့် နေရာအနှံ့တွင် ကတုတ်ကျင်းတူး၊ အခိုင်အမာ ခြေကုတ်ယူ တပ်စခန်းချခြင်းများကို ပြုလုပ်နေသည်ဟု GNO က နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန်သည်။
စစ်ဘေးရှောင်ပြည်သူများ လုံခြုံစိတ်ချမှု ရှိမှာသာလျှင် အိမ်ပြန်နိုင်မည်ဖြစ်သောကြောင့် အကြောင်းပြချက် တစုံတရာ မပြုဘဲ ချင်းညီနောင်မဟာမိတ်အဖွဲ့များ ငလိုင်ကျေးရွာအတွင်း ခြေကုတ်ယူ တပ်စခန်းချခြင်းကို အမြန်ဆုံး ရုပ်သိမ်းပေးရန် GNO အဖွဲ့က တောင်းဆိုသည်။
ယခုကိစ္စနဲ့တပ်သက်၍ CDF – မတူပီ၊ တပ်မဟာ – ၁၊ ပြောရေးဆိုခွင့်ရှိ သူက ငလိုင်ကျေးရွာက ဘုရားကျောင်းဝန်းများအတွင်း အထိုင်စခန်းချခြင်း မရှိကြောင်း ငြင်းဆိုသည်။
“ဘုရားကျောင်းထဲ အထိုင်စခန်းချတာ၊ ဘုရားကျောင်းဖျက်ဆီးတာ မရှိဘူး။ ငလိုင်ရွာကို CB နဲ့ မဟာမိတ်က တပ်စွဲတာသည် နယ်မြေအခြေခံ မဟုတ်ဘဲ CC (ချင်းပြည်ကောင်စီ) နဲ့ သူတို့ရဲ့ လက်အောက်ခံ CDF တွေဖက်က CB (ချင်းညီနောင်) ကို လာပစ်တုန်းက ပြန်လည် ရှင်းလင်းတဲ့ ရွာတွေဖြစ်ပါတယ်။ နောက်ထပ် CC ဖက်က ပစ်ခတ်လာမှု မရှိစေရေး လုံခြုံရေးကို ငလိုင်ရွာတင်မက စစ်ရေးအရ အဆင်ပြေတဲ့ ရွာတိုင်းမှာ လိုအပ်သလို တပ်ချ လုံခြုံရေး ယူထားတာရှိပါတယ်။ တစ်ရွာတည်း မဟုတ်ပါဘူး။ CC ဖက်က လုံခြုံရေးခြိမ်းခြောက်လာနိုင်တဲ့ ရွာတိုင်းကို CB ဖက်က လုံခြုံရေး ယူထားပါတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၁၊ ပြောရေးဆိုခွင့်ရှိသူက Boi Uk က ပြောသည်။
CDF – မတူပီအဖွဲ့သည် နှစ်ခြမ်းကွဲသွားပြီးနောက်ပိုင်း ယခင်ဌာနချုပ်တွင် ဆွေးနွေးထားသည့် သတ်မှတ်ချက်များကို တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ ၊ နှစ်ဖက်စလုံးကို တိတိကျကျလိုက်နာခြင်း မရှိတော့ကြောင်း ကို Boi Uk က ပြောသည်။
ယခင် တပ်မဟာ – ၁ ထိန်းချုပ်နယ်မြေထဲ ထည့်သွင်းခဲ့သော ကျေးရွာ ၁၀ ထက်မနည်းမှာလည်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ဝင်ရောက်တပ်စွဲထားခြင်းများ ရှိနေကြောင်း သိရသည်။
တဖက်မှာလည်း CDF-မတူပီ တပ်မဟာ-၂ ၊ အောက်ချင်းတပ်ရင်းက အောက်တိုဘာလ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ CDF – မတူပီ၊ တပ်မဟာ – ၁ သည် ULA/ AA အားကိုးဖြင့် အောက်ချင်းတပ်ရင်း ထိန်းချုပ် နယ်မြေတွင် တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်း၊ ဘာသာရေးအဆောက်အဦးနှင့် စာသင်ကျောင်းများတွင် နေရာယူခြင်း၊ ပြည်သူများကို အဓမ္မစည်းရုံးရေး ပြုလုပ်ခြင်းနှင့် ပြည်သူသွားလာမှုကို တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။
နယ်မြေခံတပ်ရင်း၏ ခွင့်ပြုချက် မရှိဘဲ ထိုသို့ လုပ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်လုပ် ဆောင်ပါက နောက်ဆက်တွဲပြသနာကို တပ်မဟာ – ၁ ဘက်က တာဝန်ယူရမည်ဖြစ်ကြောင်း အောက်ချင်းတပ်ရင်းက သတိပေးထုတ်ပြန်သည်။
CDF – မတူပီကို စတင်ဖွဲ့စည်းချိန်က နယ်မြေခံတပ်ရင်း၏ ခွင့်ပြုချက် မရှိဘဲ အခြားတပ်ရင်းက တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်း များ မပြုလုပ်ရန် သဘောတူထားကြောင်း အောက်ချင်းတပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။