မင်းတပ်မြို့တွင် ပြန်လည်ဝင်ရောက် နေထိုင်လိုသူများကို မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်မှစတင်၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက် ပြသနိုင်ရန် လိုအပ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ချင်းပူးပေါင်တပ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး နှစ်လနီးပါးအကြာတွင် မင်းတပ်မြို့ကို နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေး မင်းတပ်တော်လှန်ရေးအင်အားစုများက ဆောင်ရွက်ခြင်းဖြစ်သည်။
“ပြန်လည်အခြေချ နေထိုင်လိုသူတွေက လာမယ့် ၁၁ ရက်နေ့၊ အင်္ဂါနေ့ကနေ စတင်ပြီး ဝင်ခွင့်ပြုမှာဆိုတော့ အဲနေ့မှ စဝင်လာကြမှာပါ။ အကန့်အသတ်နဲ့ ဝင်ခိုင်းတယ်ဆိုတာက အကုန်လုံး စုပြုံပြီး ဝင်ရောက်လာရင် မြို့ထဲမှာ လူအုပ်ကြီးဖြစ်မှာစိုးလို့ပါ၊ ရက်ကန့်သတ်ပြီး နည်းနည်းစီ ပြန်လက်ခံတဲ့သဘောပါ။ လူအုပ်ကြီးတွေဖြစ်လာရင် လေကြောင်းအန္တရာယ်၊ လုံခြုံရေးအန္တရာယ်တွေ ဖြစ်မှာစိုးလို့ပါ” ဟု မင်းတပ်မြို့နယ်ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
မင်းတပ်မြို့ပေါ် လုံခြုံပြီဟု သတ်မှတ်၍ရသောကြောင့် လူထုကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ခြင်းဖြစ်ပြီး မြိုပေါ်က မိုင်းများ၏ ၉၀ ကျော်ရာခိုင်နှုန်းကို ရှင်းလင်းပြီဖြစ်ကြောင်း သိရသည်။
မြို့ပေါ် ပြန်လာသူများသည် နေအိမ်သန့်ရှင်းရေးများ၊ ပြင်ဆင်ရေးများ ပြုလုပ်နိုင်သကဲ့သို့ သော့ပိတ်ထား၍လည်းရကြောင်း၊ ရေပေးဝေရေးစနစ်ကို ပြင်ဆင်ထားပြီး မြို့ပေါ် ရေလှောင်ကန်နှင့် မီးသတ်ပိုက်လိုင်းများတွင် ရေပြန်ရပြီဟု သိရသည်။
မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်မည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ကို မြို့ဝင်ဂိတ်များတွင် စိစစ်ပြီး ခွင့်ပြုမည်ဖြစ်၍ ထောက်ခံချက်ကို မိမိတို့နေထိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးထံ အခမဲ့ တောင်းယူနိုင်သည်ဟု မင်းတပ်မြို့နယ် ပအဖက ယမန်နေ့က ထုတ်ပြန်သည်။
တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသေးသူများကိုလည်း မြို့ဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းပြသပြီး မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့်ရှိမည်ဟု သိရသည်။
“မြို့သိမ်းတိုက်ပွဲ မစတင်ခင်ကတည်းက တော်လှန်ရေးတလျှောက်လုံးမှာ ပြည်သူတွေက တောက်လျှောက် အခွန်ပေါ့လေ။ အိမ်ခွန်၊ ရေခွန်ဖြစ်စေ၊ တော်လှန်ရေးရန်ပုံငွေ တောက်လျှောက်ပါဝင်ခဲ့တာ အများကြီးရှိတယ်။ မြို့သိမ်းတိုက်ပွဲအတွက် မင်းတပ်မြို့နယ်က ပြည်သူတွေ ၉၀၊ ၉၅ ရာခိုင်နှုန်းက ပါဝင်ခဲ့ကြတာပါ။ တချို့က မပါဝင်နိုင်တဲ့လူတွေ၊ အခက်အခဲရှိတဲ့လူတွေကို ကျနော်တို့က အခွန်ကင်းလွတ်ခွင့်ပေးထားတာ အများကြီးရှိပါတယ်။ တချို့က ပါဝင်နိုင်ရဲ့သားနဲ့ကို မပါဝင်ပဲနဲ့ တမင်တကာကို မပါဝင်တာပေါ့လေ။ မင်းတို့က တရားမဝင်ဘူး။ အသိအမှတ်မပြုဘူး။ ဒါဟာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ ပုံစံနဲ့ပေါ့။ အဲဒါမျိုးတွေကို ကျနော်တို့က ဥပဒေအရ ကိုယ့်မြို့လွတ်လပ်ရေးမှာ အားလုံးက ရုန်းကန်ပါဝင်ခွင့်ရှိတဲ့အချိန်မှာ ရုန်းကန်တုန်းကလည်း အတူ၊ ခံစားခွင့်ရှိလည်း အတူပေါ့။ သူ့အနေနဲ့လည်း အများနည်းတူက ပါဝင်သလို၊ သူလည်း ပါဝင်ပြီးမှပဲ မြို့ပေါ်ကို ပြန်လာလို့ရမယ့် သဘောပါ။ အဲဒါက အရင်ကတည်းက အမိန့်စာထုတ်ပြန်ထားတာပါ” ဟု မင်းတပ်မြို့နယ်ပအဖမှ ကိုယောမာန်က ပြောသည်။
အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ ၂ ရက်တွင်သာ ပြည်သူများအနေဖြင့် မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်/ထွက်သွားလာခွင့်ရှိမည့်အချက်အပါအဝင် ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည်သူများလိုက်နာရန် စည်းကမ်းချက် ၁၃ ချက်ကို ထုတ်ပြန်ထားသည်။
ကုန်တင်ကားများအနေဖြင့် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့်ရှိမည့် ထုတ်ပြန်ချက်အပါအဝင် မြို့ကို ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောင်သော ကုန်တင်ကားများ လိုက်နာရမည့် စည်းကမ်းချက် ၉ ချက်ကို ထုတ်ပြန်ထားသည်။
စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက အပြစ်ပေးအရေးယူခြင်းခံရမည်ဟု မင်းတပ်မြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက မင်းတပ်မြို့နယ်တွင် ကောက်ယူထားသည့် စာရင်းများအရ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်ရှိပြီး CDF – မင်းတပ်၏ စစ်ဆင်ရေးပြင်ဆင်မှုကာလနှင့် စစ်ဆင်ရေးဆောင်မှုအတွင်း နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်သူ ၆,၀၀၀ နီးပါး ထပ်မြင့်တက်ခဲ့သည်။
စစ်ဆင်ရေးမစမှီ မြို့ကို ချဉ်းကပ်မှုပြုလုပ်ချိန် ၄ လဝန်းကျင်ကပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့မှုများကြောင့် မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံအများအပြား စစ်ဘေးရှောင်ကြရသည်။
နိုဝင်ဘာလ ၉ ရက်မှစ၍ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ချိန်တွင် မြို့ပေါ်မှာ မတိမ်းရှောင်ဘဲ နေထိုင်သူများပါ အိုးအိမ်စွန့်ခွာလာရခြင်းဖြစ်သည်။
မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ချင်းညီနောင်ပူးပေါင်းတပ်နှင့် မဟာမိတ်များက သိမ်းပိုက်ရရှိခဲ့သည်။