(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ သောကြောင့် ကျေးရွာ (၁၀) ရွာက ပြည်သူထောင်ချီ တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများကပြောသည်။
“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ရက်စိပ်စိပ်လုပ်ဆောင်လာတာနဲ့အမျှ ပြည်သူတွေကလည်း ကိုယ့် နေရပ်မှာ မလုံခြုံတော့ဘူးလို့ခံစားကြရတယ်။ အခုချိန်အထိ ဘေးလွတ်ရာကို ရှောင်ပြေးနေကြဆဲပါ။ စစ်ကောင် စီရဲ့ လုပ်ရပ်တွေကနေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတော့ ဘေးကင်းရာကို ရှောင်ကြတာပေါ့။ စစ်ဘေးရှောင်က တော် တော်လေး များတယ်၊ အဲ့တာကြောင့် လူဦးရေဘယ်လောက်လဲဆိုတာ ခန့်မှန်းလို့မရသေးဘူး။ အခု သူတို့က ဘေး ကင်းရာမှာ နေထိုင်နေကြပါတယ်။” ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူက ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီသည် ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ လေကြောင်းဗုံးကြဲခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည့် အပြင် လက်နက်ကြီးများပါ ရမ်းသမ်းပစ်ခတ်လေ့ရှိသောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းအတွင်းရှိ ကျေးရွာ တို့တွင် တိုက်လေယာဉ် (Y-12) ဖြင့် ဗုံး အလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုများရှိသည်ဟု သိရသည်။
စစ်ဘေးတိမ်းရှောင်သည့်ကျေးရွာများမှာ လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ ရှားတောရွာ၊ တင်သားရွာ၊ ရှားဖိုရွာ၊ ကျောက်ဖိုရွာ၊ ဒိုးနွယ်ရွာ၊ အရှေ့စည်း ရွာ၊ မင်းလှရွာ၊ ကျောက်ဖူးရွာတို့ဖြစ်ကြပြီး လူဦးရေသောင်းကဏန်းထိရှိသည်ဟုသိရသည်။
လက်ရှိတွင် တောတောင်တွေထဲ တဲထိုးနေထိုင်ကြရပြီး အကူအညီတွေလည်း လိုအပ်နေသည်ဟု သိရသည်။
“အဓိက စားနပ်ရိက္ခာလိုအပ်မယ် ဒုတိယအနေနဲ့ ဆေးဝါးတွေ၊အမိုးအကာ၊ရေရရှိရေးလိုအပ်မယ်။ ပြီးရင် စစ်ရှောင် တွေအတွက် မီးရရှိဖို့ ဆိုလာတွေတော်တော်လေးလိုအပ်နေပါတယ်။ ကလေးဒေသမှာ ၂၀၂၅ ခုနှစ်က စပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးချ ဗုံးသီးနဲ့တိုက်ခိုက်တာ နေ့စဉ်ကြုံတွေ့လာတဲ့ ကျေးရွာ တော်တော်များများက ပြည်သူတွေလည်း အားလုံးစစ်ဘေးရှောင်ကြရတာ၊ အရင်နှစ်က စစ်ရှောင်တွေလည်း ထပ်ပြီးတော့ ရှောင်ရတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ တော်လှန်ပြည်သူတွေနဲ့ အလှူရှင်တွေကို ထပ်ပြီး မေတ္တာရပ်ခံချင်တာက ကလေးနယ်က စစ်ရှောင်တွေအတွက် အတတ်နိုင်ဆုံး ပါဝင်အားဖြည့်လှူဒါန်းပေးပါလို့ ပြောချင်တာပါတယ်” ဟု ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ဘေးရှောင်အရေး ကူညီပေးသူက ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုလ်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၅) နှစ်အရွယ် ကလေး အပါအဝင် စစ်ရှောင်အရပ်သား (၉) ဦး သေဆုံးခဲ့ပြီး (၁၇) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။