(006SV)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပဒူဥူး (Pudu Hulu) ရပ်ကွက်မှာ နေထိုင်သည့် ချင်းအမျိုးသမီးတဦး ဓါးဖြင့် အသတ်ခံရပြီး သေဆုံးသွားသည်ဟု မလေးရှားနိုင်ငံရောက် ဒိုင်လူမှု့အဖွဲ့အစည်းမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ၎င်း၏ အမျိုးသားနှင့် အတူနေသူများသည် Seremban မြို့မှ ပြန်လည် ရောက်ရှိချိန်တွင် ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံံးနေမှုကို တွေ့ရှိရခြင်းဖြစ်သည်ဟု မလေးရှား နိုင်ငံရောက် ဒိုင်လူမှု့အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောသည်။
“မနေ့ညက သူ့ရဲ့ အမျိုးသားနဲ့ တအိမ်ထဲနေတဲ့ လူတွေ၊ တရွာသားတွေက ဆလမ်ပန်းမှာ လူမှုရေးကိစ္စတခုရှိလို့ သွားကြတယ်။ ဒီမနက် ၁၀ နာရီဝန်းကျင် သူတို့ အိမ်ပြန်လာချိန်မှာ သူ့အမျိုးသမီးဟာ သွေးတွေနဲ့ သံမန်တလင်းပေါ်မှာ ရက်ရက်စက်စက် အသတ်ခံရတယ်” ဟု ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
သေဆုံးသူမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အရှေ့ပြင်ရပ်ကွက်မျာ နေထိုင်သော ဒိုင်ချင်းလူမျိုး အသက် ၃၆ နှစ်ဝန်းကျင် အရွယ် ဒေါ်ယွမ်းဂေဖြစ်သည်ဟု သိရသည်။
လူသတ်မှုနှင့် ပတ်သက်၍ မလေးရှားအာဏာသိမ်းများက အတူနေသူများအပါအဝင် လူတချို့ကို ခေါ်ယူ စစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။
မလေးရှားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ ထောက်လှမ်းရေးအပါအဝင် ဌာနစုံမှ အရာရှိများ ၄၀ ခန့်က အခင်းဖြစ်ရာ အိမ်အပါအဝင် အနီးဝန်းကျင်တခုလုံးကို စစ်ဆေးမေးမြန်းနေသည်ဟုသိရသည်။
သေဆုံးသူတွင် အမျိုးသားနှင့် အသက် ၉ နှစ်အရွယ်သား တဦးတို့ ကျန်ရှိပြီး သားဖြစ်သူမှာ မလေးရှား RC ကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစားဖြင့် ပညာသင်ယူနေသည်ဟု သိရသည်။