(006SV)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပဒူဥူး (Pudu Hulu) ရပ်ကွက်မှာ နေထိုင်သည့် ချင်းအမျိုးသမီးတဦးကို သတ်ဖြတ်မှုကျူးလွန်သူကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ချင်းအမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ၃ ရက်အကြာမှာ မလေးအစိုးရအာဏာပိုင်များနှင့် Dai Community in Malaysia မှ ရုံးဝန်ထမ်းများ ပူးပေါင်းကာ ကျူးလွန်သူ မြန်မာနိုင်ငံသား တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“မနေ့က ဖမ်းကြတာပါ။ သူဟာ သူ ဝန်ခံပြီးတော့မှ သူ့နေအိမ်ကို ရဲနဲ့အတူသွားပြီးတော့မှ ဖမ်းတာပါ။ ကျူးလွန်တဲ့လူက မြန်မာပါပဲ။ ဒီအမှုကတော့ လူသတ်မှုဖြစ်တဲ့အတွက် နောက်ထပ်တရားရုံးတွေတင်ပြီးမှ ဆုံးဖြတ်ရမှာပါ” ဟု Dai Community in Malaysia ရုံး၏ မူခင်းတာဝန်ခံ ကိုဟုန်းနိုင်က ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အရှေ့ပြင်ရပ်ကွက်မှှာနေထိုင်သော ဒိုင်ချင်းလူမျိုး အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ဒေါ်ယွမ်းဂေသည် ဖေဖော်ဝါရီလ ၁၄ ရက်က မလေးရှားနိုင်ငံတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
ဒေါ်ယွမ်းဂေသည် ခေါင်ရည် ရောင်းချသူဖြစ်ပြီး ခေါင်ရည်သောက်ရင်းမှ လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးကြောင်း လိုက်ပါကူညီနေသူများက ပြောသည်။
လူသေဆုံးမှုတွင် သံသယနှင့် ဖမ်းဆီးခံထားရသူ ၆ ဦးကို ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် မလေးရှားအာဏာပိုင်များဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်နေသည်ဟု သိရသည်။
သေဆုံးသူတွင် အမျိုးသားနှင့် အသက် ၉ နှစ်အရွယ် သားတဦးတို့ ကျန်ရှိပြီး သားဖြစ်သူမှာ မလေးရှား RC ကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစားဖြင့် ပညာသင်ယူနေသည်ဟု သိရသည်။