(006SV)
မတူပီမြို့နယ်တွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နှင့် CDF – Lautu တို့ကြားက လက်ရှိဖြစ်ပွားနေသည့် အပြန်အလှန် ပစ်ခတ်မှုများမှာ ချင်းပြည်ကောင်စီအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း သိရသည်။
MDF နှင့် CDF – Lautu တို့ကြားက နယ်မြေအငြင်းပွားမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုများတွင် CDF – Lautu ဘက်မှ ချင်းပြည်ကောင်စီ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များ ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်လာချိန်တွင် ချင်းပြည်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
လက်ရှိ ချင်းပြည်အတွင်း ဖြစ်ပွားနေသော MDF နှင့် CDF – Lautu ကြားက တိုက်ခိုက်မှုသည် နှစ်ဖက်အဖွဲ့အစည်းကြားက ပြသနာဖြစ်သည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။
ချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်သတ်ဖြတ်မှုများကို လက်မခံသည့်အပြင် စစ်ရေးဖော်ဆောင်မှုများ၊ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ပါဟု ထုတ်ပြန်အသိပေးသည်။
ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိကထားလျက် ချင်းညီရင်းအစ်ကိုကြား ဖြစ်ပွားသော ပြသနာများကို စစ်ရေးတိုက်ခိုက်မှု၊ အချင်းချင်းသွေးထွက်သံယိုမှုဖြင့် ဖြေရှင်းခြင်းမှ ရပ်တန့်ရှောင်ရှားကာ ငြိမ်းချမ်းရေးလမ်းစဉ်၊ ပေါင်းစပ်ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဖြေရှင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားသည်။
ချင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရသော ချင်းလူမျိုးအကြား သဘောထား ကွဲလွဲမှုများကို အဆုံးသတ်နိုင်ရေးအတွက် ချင်းပြည်ကောင်စီအနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေးကို အလေးထားဆောင်ရွက်နေသော ကာလဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးကာလအတွင်း မြို့နယ်နှင့် ဒေသအကြား၊ ချင်းမျိုးနွယ်စု အချင်းချင်းကြား အင်အားဖြင့် နိုင်ထက်ပြုခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုလုပ်သင့်ပါဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်က MDF နှင့် CDF – Lautu တို့ကြား ထပ်မံ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မတူပီမြို့နယ်ထဲတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF- Lautu နှင့် ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ – MDF တို့ကြား ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး CDF – Lautu တပ်ဖွဲ့မှ ရဲဘော် ၄ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါ်လ်က ဖေဖော်ဝါရီလ ၇ ရက်က ဖြေကြားထားသည်။
မရာမျိုးနွယ်စုများသည် မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်တို့တွင် နေထိုင်ကြပြီး လောက်တူမျိုးနွယ်စုများသည် ထန်တလနှင့် မတူပီမြို့နယ်တွင် နေထိုင်ကြသောကြောင့် နယ်နိမိတ်ခြင်း ထိစပ်နေသော လူမျိုးစုများ ဖြစ်သည်ဟု သိရသည်။
တချို့ကျေးရွာများတွင် အတူယှဉ်တွဲနေထိုင်မှုရှိနေကြသည့် ချင်းမျိုးနွယ်စုဝင်များ ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီးနောက် ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရန် ကြိုးပမ်းစဉ် နယ်မြေပဋိပက္ခများရှိလာခြင်းဖြစ်သည်ဟု သိရသည်။
ယင်းပဋိပက္ခနှင့်ပတ်သက်၍ CDF – Lautu နှင့် MDF ထံ ဆက်သွယ်မေးမြန်းသော်လည်း ခိုနူမ်းသုန်ကို ဖြေဆိုခြင်း မရှိကြသေးပါ။