(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး – ဂန့်ဂေါကားလမ်းပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်း ၄ ခုကို CDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားသည်ဟု သိရသည်။
ကလေး- ဂန့်ဂေါကာလမ်းပေါ်က စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များ အထိုင်ချထားသည့် ကမ်းပါးနီ (ကဗ္ဗနီ)၊ အောင်သာယာရွာ၊ မှန်တောရွာနှင့် နဂါးမောက်ခြံတို့က စစ်စခန်းများကို ၅ ရက်တာ ထိုးစစ်အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF – KKG မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
“စခန်းတွေအနေနဲ့က ၄ ခုလောက်ပါပဲ။ အကြီးဆုံးကတော့ ကမ်းပါးနီနဲ့ မှန်တောပေါ့။ ကျန်တာတွေက မှန်တောနဲ့ ကဗ္ဗနီကြားကို ကာကင်းအနေနဲ့ ထောင်ထားတဲ့စခန်းငယ်လေတွေပေါ့။ သူတို့က ဒီ့အတိုင်း အထိုင်ချထားတဲ့ စခန်းတွေကို ကျနော်တို့က သွားသိမ်းလိုက်တဲ့ အနေအထားပါပဲ။ အကုန်လုံးသိမ်းနိုင်ပြီဆိုတော့ သူတို့က ကြံသာ၊ မြောက်ခရမ်း၊ ဟံသာဝတီဘက်ကနေတော့ ခံစစ်ပြင်ထားတယ်လို့ ကြားထားတယ်” ဟု CDF – KKG မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသည့် စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ် များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၂ ရက်မှာ ကမ်းပါးနီစခန်းကို ရရှိခဲ့ပြီး ကျန်စခန်း ၃ ခုကို ငါးရက်တာ တိုက်ပွဲအတွင်း ရရှိခဲ့သည်ဟု သိရသည်။
ကလေး- ဂန့်ဂေါကားလမ်းပေါ်က စစ်ကောင်စီအထိုင်ချထားသော ယင်းကျေးရွာများသည် ပျူစောထီး အားကောင်းသော ဒေသများဖြစ်ပြီး စစ်ကောင်စီသည် စခန်းများ မကျရေးအတွက် လေကြောင်းဖြင့် နေ့ရော ညပါ ပစ်ကူပေးသည်ဟု သိရသည်။
စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားမှု ရှိပြီး လတ်တလောတွင် ပြော၍ မရသေးကြောင်း၊ စစ်ကောင်စီမှ ထိခိုက်သေဆုံးမှု များ ရှိပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟု CDF KKG ထံမှ သိရသည်။
ကလေး- ဂန့်ဂေါကားလမ်းမပေါ်က စစ်ကောင်စီအထိုင်ချစခန်းများကို CDF – KKG ၏ စစ်ဆင်ရေးအနေဖြင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
“စစ်ရေးအရ အရေးပါတာက ပြည်သူပါပဲ။ ကျနော်တို့ သိမ်းပြီးပြီဆိုရင်တော့ ပြည်သူတွေ ပြေလည်သွားမှာပါ။ အဲဒါက အရေးပါဆုံးအရာပေါ့လေ။ တော်လှန်ရေးက ပြည်သူ့ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေ အဆင်ပြေဖို့က အဓိကပါ။ အဲဘက်မှာ ရှိတဲ့ ပြည်သူတွေ လယ်ယာစိုက်ခင်းတွေ ပြန်လုပ်နိုင်လာမယ်။ စစ်ဘေးရှောင်ပြည်သူတွေလည်း ပြန်အဆင်ပြေ လာမယ်ပေါ့” ဟု CDF – KKG မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်းမှ ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းက ဗုံးကြဲတိုက်ခိုက် မှုများကြောင့် တောတောင်များထဲတွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ ရှားတောရွာ၊ တင်သားရွာ၊ ရှားဖိုရွာ၊ ကျောက်ဖိုရွာ၊ ဒိုးနွယ်ရွာ၊ အရှေ့စည်း ရွာ၊ မင်းလှရွာ၊ ကျောက်ဖူးရွာတို့ဖြစ်ကြပြီး လူဦးရေသောင်းကဏန်းထိရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ အတွက် အကူအညီ လိုအပ်နေသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်က ကလေးမြို့နယ်တောင်ပိုင်းက ကျော်ရွာနှင့် သံဖိုကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။