(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PDF – Zoland ၏ အပတ်စဉ် ၁၅ စစ်သင်တန်းမှာ အမျိုးသမီးရဲဘော် ၁၀ ဦးထက်မနည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။
PDF – Zoland ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၁၅ တွင် သင်တန်းသား၊ သင်တန်းသူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းတို့ အထဲတွင် အမျိုးသမီးရဲဘော် ၁၀ ဦးကျော် ပါဝင်ခြင်းဖြစ်သည်ဟု PDF – Zoland ပြောရေးဆို ခွင့်ရှိသူ ကိုရိုဘတ်က ပြောသည်။
“ကျနော်တို့က တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဆိုတော့ ကျနော်တို့က လူမျိုးရေး မခွဲခြားဘူးပေါ့နော။ ဘာသာရေး မခွဲခြားဘူး။ အဲဒီအတွက် အမျိုးသမီးတွေလည်း ပါဝင်ချင်တဲ့ လူတွေ အကုန်လုံး ပါဝင်ဖို့ လက်ခံထားတယ်။ သူတို့ရဲ့ ခံယူချက်ကတော့ အများကြီး တယောက်နဲ့တယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ အဓိကက တော်လှန်ရေးမှာ ပါဝင်လာတဲ့ ရဲဘော်တွေဆိုတော့ ဒီတော်လှန်ရေးအကြောင်းပဲ အာရုံစိုက်တာပေါ့နော်။ အဓိကက တီးတိန်မြို့သိမ်းစစ်ဆင်ရေးအတွက် အများ ကြီး ပြင်ဆင်ထားတာ ရှိတယ်။ ဒီအတွက်ကြောင့် အများကြီး ပါဝင်လာတာလည်း ရှိပါတယ်။ တော်လှန်ရေးကို အားပေးတာ ဆိုတာထက် ဒီတီးတိန်မြို့ကို သိမ်းဖို့ ဝင်လာတဲ့ ရဲဘော်တွေ အများကြီးရှိတာပေါ့နော်” ဟု PDF – Zoland ပြောရေးဆိုခွင့်ရှိသူ ကိုရိုဘတ်က ပြောသည်။
သင်တန်းကို စစ်ကိုင်းတိုင်း၊ ကလေးဒေသဘက်အပါအဝင် ချင်းပြည်နယ်ထဲက နေရပ်ဒေသအစုံက လူငယ်များ ပါဝင်တက်ရောက် သည်ဟု သိရသည်။
အခြေခံစစ်သင်တန်းသည် ၂ လနီးပါ ကြာမြှင့်ပြီး မတ်လ ၁၁ ရက်က သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်အာဏာရှင်တော်လှန်ရေးအတွက် သင်တန်းသူ၊ သင်တန်းသားအသစ်များကို လက်ခံနေပြီး စာရင်းပေးသွင်းနိုင်ပြီးဖြစ်ကြောင်း မတ်လ ၉ ရက်ကလည်း PDF – Zoland က ထုတ်ပြန်ထားသည်။
လတ်တလောတွင် PDF – Zoland တပ်ဖွဲ့ဝင်တချို့သည် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ တို့နှင့် အတူ ခလရ – ၂၆၈ တပ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုသိရသည်။