(004SS)
၅ လကြာဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း မိဘပြည်သူများ၏ အိုးအိမ် စည်းစိမ်များအားလုံး လုံခြုံအောင် ကာကွယ်စောင့်လျှောက်မပေးနိုင်သည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများအား ဘုရားနာမတော်အားဖြင့် အနူးအညွှတ်တောင်းပန်ကြောင်း CNO/CNDF က ယနေ့တွင် ထုတ်ပြန်သည်။
CNO/CNDF အနေဖြင့် ဗန်ကာအိုးတောင်ရှိ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေးကိုသာ ဦးစားပေးကာ စိတ်နစ်ခဲ့ရသောကြောင့် စစ်ဆင်ရေးကာလ ၅ လအတွင်း မြို့ထဲ ကင်းစောင့်အဖွဲ့ထားရှိသော်လည်း ပြည်သူပိုင် အိုးအိမ် စည်းစိမ်များကို လုံခြုံစွာ ကာကွယ်စောင့်လျှောက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း CNO/CNDF က ဆိုသည်။
ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၏ စည်းလုံးမှု၊ တော်လှန်ရေးသမားများ၏ မဆုတ်မနစ်ဘဲ ရှေ့သို့ချီတက်ကာ ကြိုးစား အားထုတ်မှုနှင့် အားလုံး၏ ဆုတောင်းပေးမှုကြောင့် ဖလမ်းမြို့ကို စစ်ကောင်စီထံမှ ပြန်လည် သိမ်းပိုက်ရယူနိူင်ခဲ့ပြီဖြစ်သော် လည်း ဖလမ်းမြို့ပေါ်ရှိ နေအိမ်များ၊ ဘုရားကျောင်းများ အချို့ ပျက်စီးမှုအပေါ် မှာလည်း လွန်စွာ စိတ်မကောင်းဖြစ်၍ ဝမ်းနည်းကြောင်းလည်း ဖော်ပြထားသည်။
CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက “ကျွန်တော်တို့ စစ်ဆင်ရေး ၅ လလောက် လုပ်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကနေတော့ အတတ်နိုင်ဆုံး မိဘပြည်သူရဲ့ အိမ်၊ ယာတွေကိုကာကွယ်စောင့်လျှောက်ဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ ဂျက်ဖိုက်တာတို့ Y 12 တို့ကနေ ပစ်ပြီးတော့ ပျက်စီးတဲ့ အိမ်တွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့ အားလုံးမကာကွယ်နိုင်တဲ့အခြေအနေရှိတာပေါ့။ နောက်ပြီး တော့ ကျွန်တော်တို့ မြို့တွင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ ရဲဘော်တွေက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲနဲ့ ပစ္စည်း ယူသုံးတာတွေရှိတာပေါ့လေ၊ အဲဒါတွေကြောင့်ခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက စစ်အာဏာရှင်တိုက်ထုတ်နေချိန်တွင် အခွင့်ကောင်းယူကာ မြို့ထဲက ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ သယ်ထုတ်နေသူများရှိကြောင်း သိရပြီး ထိုဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။
CNDF အနေဖြင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်အချို့ကိုမူ လုံခြုံစွာ ထိန်းသိမ်းထားရှိပြီး ပိုင်ရှင်များထံ ပြန်လည်အပ်နှံ ရေး စီစဉ်နေပြီး၊ မိဘပြည်သူများအနေဖြင့် တော်လှန်ရေးသမားများ၏ အမှားများနှင့် မပြည့်စုံခြင်းများအပေါ် စိတ်ရှည် သည်းခံ ခွင့်လွှတ်ပေးကြရန်လည်း CNO/ CNDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် CNO/ CNDF တပ်ဖွဲ့များနှင့်အတူ Falam Regional Committee (FRC) က ဖလမ်းမြို့တွင်းသန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
မိဘပြည်သူများ အမြန်ဆုံး နေရပ်ပြန်လာနိုင်ရေးအတွက် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပျက်စီးခဲ့သော လမ်းများ ပြန်လည် ပြုပြင်ရေးများ လုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့်လည်း ငွေကြေးအားဖြင့်သော်လည်းကောင်း၊ အကြံဥာဏ်များဖြင့် ကူညီပေးကြရန်လည်း တောင်းဆိုထားသည်။