(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ချင်းလဲန်းကောင်စီ (CC) ပူးပေါင်းတပ်နှင့် ချင်းညီနောင် (CC) တပ်တို့က ပူးပေါင်းစုဖွဲ့ပြီး ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။
တပ်ဖွဲ့ဝင်အင်အား ရာချီပါဝင်နေသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM-Siyin၊ PDF – Zoland နှင့် CDF – KKG တို့က မေလ ၂၁ ရက်မှစတင်၍ ၂၃ ရက်အထိ တီးတိန်မြို့နယ်ထဲ ခုခံတိုက်ခိုက်နေခဲ့ပြီး ယင်းနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းစုစည်းကာ ဆက်လက်ခုခံတိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဒီနေ့ ဒီအချိန်မှာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုတာမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက်ခြင်းတူညီတဲ့ စစ်ကောင်စီ အပြုတ်တိုက်ရေးဆိုတဲ့ ရည်မှန်းချက် တူညီနေတဲ့ အဖွဲ့အစည်းအားလုံးကတော့ အဲဒီမှာ အခုက CC နဲ့ CB ဆိုတာ မဟုတ်တော့ပဲနဲ့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ကျနော်တို့ အခု ဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ရည်မှန်းချက်တူညီနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဝိုင်းပြီးတော့ လုပ်မှရမယ်ပေါ့။ အဲဒီလိုမျိုး မလုပ်ပဲနဲ့ အခု သူအဖွဲ့၊ ကိုယ့်အဖွဲ့ဆိုတာမျိုး ရှိနေသေးရင် ဒီတိုက်ပွဲက ပြန်ပြီးတော့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ အားကောင်းကောင်းနဲ့ အဲဒီလိုလုပ်မှရမယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် မအောင်မြင်ဖို့က အဓိကဆိုတော့ ကျနော်တို့ ရှိရှိသမျှအားနဲ့ပဲ ကျနော်တို့ တိုက်ပွဲဝင်ဖို့ လိုပါလိမ့်မယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
တီးတိန်မြို့နယ်ထဲက ချင်းတော်လှန်တပ်များ သိမ်းထားသည် သိုင်းငင်စခန်းနှင့် ကလေးမြို့အကြားတွင် ချင်းတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား တပတ်ကြာ၊ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
စစ်ယာဉ်တန်း ၁၅ စီးဖြင့် တပ်အင်အား ၂၅၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် ကလေးကောလိပ်ဝန်းအတွင်း ကားများထားခဲ့၍ ပွိုင့် ၅ ကားနှင့်အတူ ခြေလျင်စစ်ကြောင်းထိုးလာသည်ဟု ချင်းကာကွယ်တပ်ဖွဲ့က ကနဦး ယူဆခဲ့သော်လည်း လက်ရှိအခြေအနေမှာ စစ်ကောင်စီသည် တပ်အင်အား ၈၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။
အင်အားရာချီရှိစစ်ကြောင်းကို တပ်မမှူးက ဦးဆောင်၍ ချင်းတောင်သို့ စစ်ကြောင်းထိုးလားခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
ချင်းတောင်သို့ မြေပြင်စစ်ကြောင်းထိုးလာနေသော တပ်ကို စစ်ကောင်စီသည် ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ နှင့် ပစ်ကူပေးနေသကဲ့သို့ ကလေးမြို့မှလည်း ၁၂၀ မမဖြင့် ပစ်ကူပေးသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် စစ်ရေးဗျူဟာအရ အရေးပါသည့် သိုင်းငယ်စခန်းကို ထိန်းချုပ်အထိုင်ချရေး ဦးတည်နိုင်သကဲ့သို့ သိုင်းငယ်မှတဆင့် တီးတိန်မြို့ကို တပ်အင်အားဖြည့်နိုင်ကြောင်း၊ ချင်းညီနောင်သိမ်းထားသည့် ဖလမ်းမြို့ဘက်ကိုလည်း ဦးတည်နိုင်ကြောင်း သိရသည်။
“သူတို့ ဦးတည်တာက သိုင်းငင်းကနေ တီးတိန်ဘက်ကိုသွားမယ့် လမ်းရှိသလို၊ ဖလမ်းဘက်သွားမယ့် လမ်းလည်း ရှိတာပေါ့လေ။ အဓိက, က သူတို့ အပြောအရဆိုရင် သူတို့သိမ်းထားတဲ့ မြို့၊ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေကို ပြန်လည်ပြီးတော့ သိမ်းဖို့၊ စိုးမိုးဖို့ဆိုတဲ့ဟာ ရည်ရွယ်ပုံ ရပါတယ်။ ဒါကတော့ အခြေအနေကတော့ အဲလိုအနေအထားမှာ ရှိတယ်။ ကျနော်တို့ ထင်တာက ဖလမ်းမြို့ ပြန်လည်ရရှိရေးကို ဦးတည်လိမ့်မယ်၊၊ တဖက်ထဲမှာလည်း တီးတိန်ကိုလည်း အင်အားဖြည့်ရင် ဖြည့်မယ်ပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်သည် စစ်ကောင်စီ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နိုင်ရန် မေလ ၂၀ ရက်မှစတင်၍ ကလေး – သိုင်းငင်း ကားလမ်း၏ အတက်၊ အဆင်း လမ်းအားလုံးကို ယာယီပိတ်လိုက်သည်ဟု CDF – CDM Siyin က ကြေညာထားသည်။
ကလေး – သိုင်းငင်း ကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာတို့က ဒေသခံပြည်သူ တစ်ထောင်ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
ကလေး – သိုင်းငင်း လမ်းပိုင်းသည် ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်းမြို့ကြီးများကို ဆက်သွယ်သော အဓိက လမ်းမကြီးဖြစ်သည်။
ကလေးမြို့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အခြေစိုက်ထားပြီး ချင်းပူးပေါင်းတပ်များ သိမ်းထားသော သိုင်းငင်စခန်းမှာ ကလေး (ဒကစ) ၏ အရေးပါသည့် ဗျူဟာကုန်းစခန်းဖြစ်သည်ဟု သိရသည်။