(006SV)
အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho) ထိန်းချုပ်နယ်မြေမှာ ၂ လအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများဖြစ်ပွားနေပြီး ရဲဘော်များ အပါအဝင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်တွင် ကူးဆက်မှုရှိခဲ့သည်ဟု သိရသည်။
မိုးဦးကာလ ရောက်လာပြီးဖြစ်သည့်အတွက် ရဲဘော်များသာမက CDF – အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေဒေသရှိ ပြည်သူ များမှာလည်း ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ပိုမိုဖြစ်ပွားလာ၍ ဆေးဝါးအကူအညီများကို တောင်းခံကြောင်း CDF – အရှိုက ပြောသည်။
“အဓိကက ရှေ့တန်းရဲဘော်တွေ အဖြစ်များတယ်။ ရှေ့တန်စစ်ဆင်ရေး နယ်မြေမှာ နေတဲ့ ရဲဘော်တွေ ဖြစ်တယ်။ ဖြစ်လို့ရှိရင် စခန်းတွေကို ပို့ရတယ်။ ပို့ရတော့ အရပ်သားပြည်သူတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတော့ ရဲဘော်တွေဆီကပဲ အရပ်သားတွေဆီကို ကူးတယ်လို့ ပြောရမယ်။ တောထဲမှာ နေထိုင်တာဖြစ်လို့ ခြင်ကိုင်တာကို မကာကွယ်နိုင်တာကနေ ဖြစ်တာပါ။ ပြီးခဲ့တဲ့ နှစ်က အရပ်သားပြည်သူ မဖြစ်သလောက်ကို ရှားပါတယ်။ မစစ်မိတာ ပါချင်ပါမယ်။ ဒီနှစ်က သေချာစစ်ကြတယ်။ အထူးသဖြင့် ကျနော်တို့ ရဲဘော်တွေမှာကိုပဲ တနှစ်ထဲ နှစ်ခါဖြစ်တာ၊ တလထဲနဲ့ နှစ်ခါ၊ သုံးခါဖြစ်တာ ဒီလိုမျိုးတွေရှိတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
ယခုနှစ် ဧပြီနှင့် မေလမှာ အရပ်သားပြည်သူများနှင့် CDF – အရှိုရဲဘော်တို့တွင် ရာသီတုပ်ကွေးနှင့် ငှက်ဖျား ရောဂါ အယောက် ၁၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ (၁) လအတွင်းမှာပင် CDF – Asho ရဲဘော် ၂၀ ကျော်နှင့် ဒေသခံပြည်သူ ၁၀ ဦးခန့်သည် ငှက်ဖျားရောဂါများ ဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ရဲဘော်များတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။
ငှက်ဖျားရောဂါဖြစ်ပွားမှုတွင် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ပါဝင်ပြီး အသက်အရွယ်စုံမှာ ဖြစ်ပွားကြောင်း၊ တချိုလူနာတွင် ဦးနှောက်ကို ငှက်ဖျားပိုး ဝင်မှုပင် ရှိကြောင်း သိရသည်။
ငှက်ဖျားဆေးဝါးမှာလည်း အလွယ်တကူ ဝယ်ယူ၍ မရရှိသောကြောင့် ရနိုင်သော နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူ၍ ကုသပေးနေရကြောင်း၊ အထိုင်ဆေးခန်း ၁ ခု၊ မိုဘိုင်းဆေးခန်း ၁ခုဖြင့် ကုသပေးနေသော်လည်း ဆေးဝါကုသနိုင်မှုမှာ လုံလောက်မှု မရှိဖြစ်နေသည်ဟု သိရသည်။
“ဒါက(ကုသမှု) လုံလောက်မှုတော့ မရှိနိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း အကုန်လုံးကို မဖြန့်ကျက်နိုင်တာလည်း ပါတယ်။ ဆေးဝါးရရှိမှု ခက်ခဲတာရယ်။ ဝယ်လို့ ရတဲ့ ဆေးတွေကြလည်း သယ်ရတာ ခက်ခဲတယ်။ ဝယ်ရတာ ခက်ခဲတယ်။ လမ်းကြောင်းခက်ခဲတယ်။ ကျနော်တို့ကလည်း ရန်ပုံငွေ အခက်အခဲကြောင့် များများ သိုလှောင် မထားနိုင်ဘူး။ ဒီလို စိန်ခေါ်မှုတွေတော့ ရှိတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
၂၀၂၄ ခုနှစ်က CDF – အရှိုတပ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ၁၀ ဦးဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၅ မိုးဦးကာလမှာပင် ရဲဘော် ၂၀ ကျော်အထိ မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် စစ်ဆင်ရေးလှုပ်ရှားမှု နယ်မြေအတွင်း ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပြုလုပ်ပေးလာနိုင်သောကြောင့် ဆေးဝါးလိုအပ်ချက်မှာလည်း ပိုမိုများပြားလာသည်ဟု သိရသည်။
ရဲဘော်များသာမက ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များကိုလည်း ဆေးဝါးကုသပေး နေရသောကြောင့် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်တို့နှင့် ပတ်သက်သည့် ဆေးဝါးများ၊ ဒေသခံတို့အတွက် သားဆက်ခြားပစ္စည်းနှင့် ဆေးဝါးများပါ လိုအပ်ချက်များ ရှိနေကြောင်း၊ ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ပံ့ပိုးပေးကြရန် CDF – အရှိုက တိုက်တွန်းထားသည်။