(005MK)
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအတွက် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ရူပီးငွေ ၆ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်များ အများဆုံးဝင်ရောက်ခိုလုံကြသော ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာက စစ်ဘေးရှောင်များအတွက် ရူပီးငွေ ၃ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများကို ဇိုခေါထာရ်ကျေးရွာ မီဇိုးလူငယ်အသင်းထံ ပေးအပ်ခဲ့ပြီး၊ ဖာဖိုင်းကျေးရွာက စစ်ဘေးရှောင်များအတွက် ရူပီးငွေ ၂ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများကို ဖာဖိုင်းကျေးရွာ မီဇိုးလူငယ်အသင်းထံ ပေးအပ်ခဲ့သည်ဟု CYMA က ထုတ်ပြန်သည်။
ထို့အပြင် ကျန်ဖိုင်းမြို့ မီဇိုးလူငယ်အသင်းထံသို့လည်း စစ်ဘေးရှောင်များကူညီရန်ငွေသား ရူပီးတစ်သိန်းတိတိကို ပေးအပ်ခဲ့သည်ဟု သိရသည်။
အလားတူ ကယ်တင်ခြင်းတပ်အသင်းတော် (Salvation Army) အိန္ဒိယအရှေ့ပိုင်းနယ်မြေ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ဆောင်မှုဌာနကလည်း စစ်ဘေးရှောင်အများစုဝင်ရောက်ခိုလုံကြသော ဇိုခေါထာရ်၊ ဖာဖိုင်း၊ ဆိုင်းခုမ်ဖိုင်း ကျေးရွာများတွင် အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသတွင် ဇူလိုင်လ ၂ ရက်နေ့ကစ၍ CNO/CNDF နှင့် CDF-Hualngoram တပ်တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိခေါဒါရ်မြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ပြည်သူ ၅၀၀၀ နီးပါးမှာ မီဇို ရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နှင့် ဖာဖိုင်းကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။